Friday, September 3, 2010

ကြံ့ဖွံ့ပါတီကို မဲပေးသူ ရာနူန်းပြည့်ရန် အာမခံခိုင်း

သျှမ်းသံတော်ဆင့်

မဲဆန္ဒရှင်များ မဲမပေးပဲနေလိုက နေနိုင်သည်ဆိုသည့် ရွေးကောက်ပွဲဥပဒေကို ချိုးဖေါက်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ရာနှုန်းပြည့် မဲပေးရမည်ဟု ကချင်ပြည် ဗန်းမော်မြို့နယ်အတွင်းရှိ ကျေးရွာဥက္ကဋ္ဌများထံမှ ၀န်ခံကတိ တောင်းယူနေသည်။

ကြံ့ဖွံ့ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး ခရီးစဉ် အဖြစ် ဗန်းမော်မြို့နယ်အတွင်း ကျေးရွာများ၌ သြဂုတ်လ ၂၆ ရက်နေ့က စတင် မဲဆွယ်နေသည့် စစ်စာရင်းစစ်ချုပ် ဗိုလ်ချုပ်လွန်းမောင်က ကြံ့ဖွံ့ပါတီအား မဲပေးသူ ၁၀၀ ရာခိုင်နှုန်းရှိရမည်ဟု ကျေးရွာ ဥက္ကဋ္ဌများကို အာမခံခိုင်းခြင်း ဖြစ်သည်။

ဗိုလ်ချုပ်လွန်းမောင်ပါ ၃ ဦး အဖွဲ့သည် ကျွန်းကြီး စင့်ကင် ပါပေါင်း မံမလင်းနှင့် မိုင်းကာရွာများသို့ ယခုရက်ပိုင်းအတွင်း ရောက်ရှိခဲ့ပြီး ထိုသို့ပြောကြားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေး အသိုင်းအ၀ိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ဗိုလ်ချုပ်လွန်းမောင် ဦးကျော်ဝင်း ဒေါက်တာထွန်းလွင် သူတို့အဖွဲ့ စင့်ကင်ရွာကိုရောက်တော့ ကြံ့ဖွံ့ပါတီကို ရာခိုင်နှုန်း ဘယ်လောက် ထောက်ခံမဲပေးမလဲလို့ ရွာဥက္ကဋ္ဌကို မေးတယ် ဥက္ကဋ္ဌက ၉၅ ရာခိုင်နှုန်း လို့ပြောတော့ တခြားရွာ ဥက္ကဋ္ဌ တွေက ၁၀၀ ရာခိုင်နှုန်း အာမခံတယ် ခင်ဗျားက ဘာလို့ ၉၅ ရာခိုင်နှုန်းဖြစ်ရတာလို့ ပြောတယ် ” ဟု ကျေးရွာ ဥက္ကဋ္ဌများနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။

ဗိုလ်ချုပ်လွန်းမောင်နှင့်အဖွဲ့ စင့်ကင်ရွာသို့ ရောက်ရှိစဉ် ဇရပ်၌ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကို ခေါ်ယူ၍ ပြောကြားခြင်းဖြစ် ကြောင်း သိရသည်။

“စင့်ကင်ရွာက ၁၀၀ ရာခိုင်နှုန်း ကြံ့ဖွံ့ကို မဲပေးဖို့ ရွာဥက္ကဋ္ဌကို အာမခံခိုင်းတယ် ဒီဘက်တစ်လျှောက် ရွာစဉ်တွေ အကုန် ဥက္ကဋ္ဌတွေကို လှည့်ပြောသွားတာ” ဟု သူက ဆက်ပြောသည်။

ဗန်းမော်ခရိုင်မှ ကြံ့ဖွံ့ပါတီဝင် စည်းရုံးရေးမှူး တစ်ဦးက “ ပါတီက ၀န်ထမ်းတို့ အုပ်ချုပ်ရေး အဖွဲ့တို့နဲ့ ကင်းကင်းရှင်းရှင်း နေ ရမယ်လို့ အမိန့်ထုတ်ပြန်ထားပါတယ် ” ဟု ထိုကိစ္စကို ပြန်လည်ချေပသည်။

သို့သော် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကဒ် ထုတ်ပေးနေရာတွင် မံစီမြို့နယ် ကြံ့ဖွံ့ပါတီဝင်များ ကိုယ် တိုင် လိုက်ပါဆောင်ရွက်နေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ကြံ့ဖွံ့ပါတီမဲရရေးအတွက် အခုနောက်ပိုင်း ရောက်လာတဲ့ အိမ်ထောင်စုမရှိတဲ့ တရုတ်လူမျိုးတွေကိုတောင်မှ ခိုလှုံ လီရှော အနေနဲ့ အဲဒါကြံ့ဖွံ့နဲ့ ပေါင်းပြီး မှတ်ပုံတင်တွေ ထုတ်ပေးနေတာ” ဟု ဆိုသည်။

နအဖ၀န်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သည့် ကြံ့ဖွံ့ပါတီသည် နိုဝင်ဘာလ ရ ရက်နေ့တွင် ၀င်ပြိုင်ရန် လွတ်တော် ၃ ရပ်အတွက် ကိုယ်စားလှယ်လောင်းဦးရည် ၁၀၀၀ ကျော် စာရင်းတင်သွင်းထားပြီး တစ်နိုင်ငံလုံးရှိ နိုင်ငံရေးပါတီများတွင် လွတ်တော်ကိုယ်စားလောင်း ဦးရည် အများဆုံးဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲတွင် သျှမ်းကျားဖြူပါတီ အပါအ၀င် ကြံ့ဖွံ့ပါတီနှင့် ၎င်း၏မဟာမိတ် ဖြစ်သည့် ကချင်ပြည်နယ် စည်းလုံးညီ ညွတ်ရေး ဒီမိုကရေစီ ပါတီတို့သည် ကချင်ပြည်နယ်၌ ၀င်ပြိုင်မည့် အဓိက နိုင်ငံရေးပါတီများဖြစ်ပြီး လတ်တလောတွင် ကြံ့ဖွံ့ပါတီကသာ ပြည်နယ်အတွင်း လှုပ်ရှားနေကြောင်း သိရသည်။

No comments: