တက်လူ / ၀၂ စက်တင်ဘာ ၂၀၁၀
ကြံ့ဖွံ့ပါတီက ရန်ကုန်တိုင်းအတွင်း လယ်သမားများကို ပါတီဝင်ခိုင်းကာ ပါတီဝင်ပါက ငွေထုတ်ချေးမည်ဟု စည်းရုံးနေကြောင်း ကော့မှူးမြို့နယ်မှ လယ်သမားများက ပြောသည်။
လယ်တဧကလျှင် ငွေကျပ် (၁) သောင်းနှုန်း ထုတ်ချေးမည်ဟုပြောဆိုကာ ကော့မှူးမြို့နယ်အတွင်းမှ ကြံ့ဖွံ့ခေါင်းဆောင်များက လယ်သမားများအား လိုက်လံစည်းရုံးနေကြောင်း လယ် ( ၁၁) ဧက ပိုင်ရှင် လယ်သမားကြီးတဦးက ပြောသည်။
“တဧကကို (၁) သောင်းလောက်နဲ့တော့ သူတို့ပါတီကို မ၀င်ဘူး၊ သူတို့က အစိုးရပါတီလေ။ ကျနော်တို့ လယ်သမားတွေက အစိုးရကိုမှ မကြိုက်တာ” ဟု ၎င်းကပြောသည်။
ကော့မှူးမြို့နယ်မှ လယ်သမားများကို ကျပ် (၁၀၀) လျှင် အတိုးနှုန်း (၂) ကျပ်ခွဲဖြင့် ချေးပေးနေသော်လည်း ကွမ်းခြံကုန်းမြို့နယ်အတွင်းမှ လယ်သမားများကိုမူ ကျပ် (၁၀၀) လျှင် အတိုး (၂) ကျပ်နှုန်းဖြင့် ချေးပေးသည်ဟုလည်း ကွမ်းခြုံကုန်းမြို့နယ်မှ လယ်သမားများထံမှ သိရသည်။
“ပါတီဝင်ရမယ်၊ ပြီးတော့ ကြံ့ဖွံ့ကိုပဲ မဲထည့်ရမယ်လို့ပြောတယ်။ ကျနော်တို့ လယ်သမားတွေကတော့ လယ်ယာနဲ့ပတ်သက်တဲ့ ကျနော်တို့လိုအပ်ချက်တွေကို ဘယ်အစိုးရ တက်လာတက်လာ အဆင်ပြေအောင် ဆောင်ရွက်ပေးရင် အကောင်းဆုံးပဲ၊ ဘယ်သူ့ကိုပဲ မဲထည့်ထည့်ပေါ့။ သူတို့ကို မဲပေးရရင်ကော လယ်သမားတွေအတွက် ဘယ်လိုအကျိုးဖြစ်လာမလဲ။ ဒါကို သိချင်တယ်။ အခု မသိရဘူး။ ဒါ့ကြောင့် သူတို့ကို မဲမထည့်ဘူး” ဟု ကွမ်းခြံကုန်းမြို့နယ်သား လယ်သမားတဦးက ပြောသည်။
ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့တွင် အတိုးနှုန်းမတူခြင်းမှာ ငွေထုတ်ချေးပေးသည့် ကြံ့ဖွံ့တာဝန်ခံများက လယ်သမားများအပေါ် စားပေါက်ရှာသည့် နည်းလမ်းဖြစ်နိုင်ကြောင်း ကော့မှူးမြို့နယ်မှ လယ်သမားကြီးတဦးက ပြောကြားသည်။
ရန်ကုန်တိုင်းအတွင်းတွင် လယ်သမားအများစုရှိသော မြို့နယ်များမှာ ကော့မှူး၊ ကွမ်းခြံကုန်း၊ ခရမ်း၊ သုံးခွ၊ တွံတေး၊ ဒလ၊ မှော်ဘီ၊ ထောက်ကြန့်၊ သံလျင်တို့ ဖြစ်ကြသည်။
လယ်သမားများကို ငွေထုတ်ချေးသည်ဆိုသောသတင်းမှာ ဟုတ်မှန်ကြောင်း ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်နယ် ကြံ့ဖွံ့ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်းတင်ထားသူတဦးက အတည်ပြုပြောကြားသည်။
၎င်းက “လယ်သမားတွေကို ငွေထုတ်ချေးရတဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့ကို မဲပေးအောင်ပေါ့ဗျာ။ ဒါက အထူးပြောနေစရာမလိုဘူး။ ကျနော်တို့မှာ လူတွေခွဲထားတယ်။ ဘယ်လောက်ချေးပါ၊ ဘယ်လိုဆွယ်ပါဆိုတာ ပြောထားပြီးသား။ သက်ဆိုင်ရာမြို့နယ်က ပြည်ခိုင်ဖြိုးတွေကပဲ ဒီကိစ္စကိုလုပ်ကြတာဖြစ်တယ်။ အတိုးကိစ္စ၊ အရေအတွက်ကိစ္စ ကျနော် အတိအကျမသိဘူး။ ငွေထုတ်ချေးတယ်ဆိုတာ ဟုတ်တယ်” ဟု ပြောသည်။
လယ်သမားအများစုမှာ စပါးစိုက်ပျိုးချိန်မှ စပါးပေါ်ချိန်ထိ လယ်ယာအသုံးပြု လုပ်ငန်းအတွက် ငွေကြေးလိုအပ်ချက်များရှိရာ လယ်သမားတိုင်းက ထုတ်ချေးသောငွေကို လိုလားကြသော်လည်း မဲပေးရမည်၊ ပါတီဝင်ရမည်ဆိုသည့် ကြံ့ဖွံ့၏မဲဆွယ်မှုများကြောင့် မယူသူက များကြောင်းလည်း ကော့မှူးမြို့ခံတဦးက ပြောသည်။
လယ်သမားများအား နှစ်စဉ်ငွေထုတ်ချေးပေးနေသူ ကော့မှူးမြို့ခံတဦးက “ကျနော်တို့က ကော့မှူးမှာတော့ ငွေကြေးပြည့်စုံတဲ့ မိသားစုပါ။ ကျနော်တို့ဆီက ငွေတိုးချေးပြီး လယ်လုပ်တဲ့သူတွေ အများကြီးပါ။ အခု ကြံ့ဖွံ့က ငွေချေးပေးပေမယ့် သူတို့က ကျနော်တို့ဆီပဲ လာချေးတယ်။ မေးကြည့်တော့ သူတို့အနေနဲ့ ပါတီမ၀င်ချင်လို့ပဲ ပြောတယ်” ဟု ဆိုသည်။
သို့သော် အချို့လယ်သမားများကမူ ပါတီကိုလည်းမသိ၊ မဲပေးရမည်ကိုလည်း နားမလည်ဘဲ ချေးငွေကိုသာ ယူကြသူများလည်း ရှိကြောင်း သိရသည်။
No comments:
Post a Comment