မျိုးချစ်သူ / ၀၂ စက်တင်ဘာ ၂၀၁၀
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အနိုင်ရကိုရမည်ဟု ယုံကြည်ချက်ထားရန် ပါတီခေါင်းဆောင် ၀န်ကြီးချုပ် ဦးသိန်းစိန်က ပါတီကိုယ်စားလှယ် အမတ်လောင်းများအား ပြောကြားကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတဦးက ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ နောက်ဆုံးပတ်တွင် နေပြည်တော်မှ ရန်ကုန်သို့ ဦးသိန်းစိန်ရောက်ရှိလာရာတွင် ယင်းသို့ ပြောခြင်းဖြစ်ကြောင်း အဆိုပါ ကိုယ်စားလှယ်လောင်းက ပြောဆိုသည်။
နအဖအနေဖြင့် နိုင်ငံတော်မူဝါဒများကို စနစ်တကျရေးဆွဲထားပြီးဖြစ်ကာ ယခုရွေးကောက်ပွဲတွင်လည်း ကြံ့ဖွံ့ပါတီက မဖြစ်မနေအနိုင်ရစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဦးသိန်းစိန်က ပြောကြားခဲ့သည်ဟု သိရသည်။
“ကျနော်ဟာ နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ နားလည်မှု မရှိတာ အမှန်ပါ။ အခုလည်း ကျနော့်ကို မဲပေးပါလို့ ဘယ်လို ကျနော် ပြောနိုင်မလဲ၊ ဘယ်သူ့ကို ပြောရမှာလဲ၊ ဘယ်လို မဲဆွယ်စည်းရုံးရမှာလဲ ဆိုတာ ကျနော့်ပြဿနာပဲ” ဟု အဆိုပါ ကိုယ်စားလှယ်လောင်းဖြစ်သူက ပြောဆိုသည်။
ကြံ့ဖွံ့ပါတီမှ ရန်ကုန်တိုင်း မြောက်ဥက္ကလာပ မြို့နယ်စည်းရုံးရေးမှူးတဦးကမူ ကိုယ်စားလှယ်လောင်းများအနေဖြင့် အနိုင်မရမည်ကို စိတ်ပူရန်မလိုကြောင်း၊ ကြံ့ဖွံပါတီအနေဖြင့် ကြိုတင်မဲများ ကောက်ခံခြင်း၊ ကိုယ်စားလှယ်စာရင်းအများဆုံး တင်နိုင်ခြင်းက အသာစီးရရှိပြီးဖြစ်သည်ဟု ညွှန်ကြားထားကြောင်း ပြောဆိုသည်။
၎င်းက “ကျနော်က မြောက်ဥက္ကလာပမြို့နယ်မှာ ပါဝင်မယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပါ။ မဲဆန္ဒနယ်ကိုတော့ မပြောတော့ဘူး။ ကျနော့်ကို ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီ အထူးခေါင်းဆောင်က ပြောတယ်။ မနိုင်ဖို့မပူနဲ့တဲ့၊ အလိုလို ကိုယ်စားလှယ်ဖြစ်တယ်တဲ့၊ ပြိုင်မယ့်သူမရှိ အရွေးချယ်ခံရမှာပါတဲ့” ဟု ပြောကြားသည်။
ရန်ကုန်တိုင်းအတွင်းတွင် ကြံ့ဖွံ့ပါတီက အခြားပါတီများထက် လုပ်ပိုင်ခွင့်များရရှိကာ မဲဆွယ်စည်းရုံးမှုများကို နေ့စဉ်ပြုလုပ်နေသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။
“ကျမတို့ တောင်ဒဂုံမှာဆိုရင်လည်း ကြံ့ဖွံ့က နေ့တိုင်းရပ်ကွက်တွေမှာ လိုက်ပြီး ဆွယ်တရားတွေ ဟောနေတယ်။ ကျမတို့ကတော့ သွားနားထောင် မအားပါဘူး၊ စားရေးသောက်ရေးကိုပဲ ဦးစားပေးနေရတာလေ။ ဘယ်သူတက်တက် ကိုယ့်ကိစ္စကို ကိုယ်ပဲတာဝန်ယူရတာ၊ အလုပ်ရှုပ်တယ်” ဟု (၇၀) ရပ်ကွက်နေ ပြည်သူတဦးက ပြောသည်။
No comments:
Post a Comment