Friday, September 3, 2010

ငြိမ်းချမ်းစွာ ဆွေးနွေးရေး မွန်ပြည်သစ် မျှော်လင့်ဆဲ

ဝီရ / ၀၃ စက်တင်ဘာ ၂၀၁၀

လက်နက်စွန့်လွှတ်ရန် နအဖစစ်အစိုးရ၏ တောင်းဆိုချက်ကို မွန်ပြည်သစ်က လက်မခံ ငြင်းဆန်ခဲ့သော်လည်း ပြဿနာရပ်များကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာသွားနိုင်ရန် မျှော်လင့်ထားဆဲဖြစ်သည်။

“ဗမာ့နိုင်ငံရေးပြဿနာဟာ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာသွားမှသာ ပြေလည်မှု ရှိနိုင်မယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ခံစားခွင့် ရမယ်။ ဒီနည်းကလွဲရင် ဘယ်လိုမှ ဖြေရှင်းလို့ ပြီးပြတ်မှာ မဟုတ်ဘူး။ ဒါကြောင့် အချင်းချင်း ဆွေးနွေးမှုတွေလုပ်ပြီး အဖြေရှာသွားဖို့ ပါတီက အမြဲ လမ်းဖွင့်ထားဆဲ၊ မျှော်လင့်ထားဆဲပါ” ဟု မွန်ပြည်သစ် ပြောခွင့်ရပုဂ္ဂိုလ်၊ နိုင်ငံခြားမဟာမိတ် ဆက်ဆံရေးရုံး တာဝန်ခံ နိုင်ဟံသာဗွန်ခိုင်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

၁၉၉၅ ခုနှစ်က စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည့် မွန်ပြည်သစ်ပါတီသည် ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းသွားကာ လက်ရှိအစိုးရနှင့်ဖြစ်စေ၊ နောင်တက်လာမည့် အစိုးရနှင့် ဖြစ်စေ နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေး ဖြေရှင်းပြီးမှသာ တပ်အသွင်ပြောင်းရေးကို လက်ခံရန် မူဝါဒ ချမှတ်ထားရှိထားကြောင်း နိုင်ဟံသာဗွန်ခိုင်းက ပြောသည်။

“ဒါပေမယ့် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ဖို့ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးခြင်းမှ တိုးတက် ဖြစ်ထွန်းလာမှုတွေ မရှိသေးတဲ့ အခုအနေအထားမှာ တပ်အသွင်ပြောင်းဖို့၊ လက်နက်စွန့်ဖို့ မွန်ပြည်သစ်က လက်ခံမှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ စက်တင်ဘာ (၁) ရက်နေ့က စစ်အစိုးရဆီ အကြောင်းပြန်စာမှာ ပြန်ပို့လိုက်ပါပြီ” ဟု ၎င်းက ဆိုသည်။

ယခုအကြိမ်သည် မွန်ပြည်သစ်က စစ်အစိုးရ၏ တပ်အသွင်ပြောင်းရေးနှင့် ပတ်သက်၍ တောင်းဆိုချက်ကို တတိယ အကြိမ်မြောက် ငြင်းဆန်လိုက်ခြင်းဖြစ်သည်။

တောင်းဆိုချက်အတိုင်း စက်တင်ဘာ (၁) ရက်နေ့ နောက်ဆုံးထားပြီး မွန်ပြည်သစ်အနေဖြင့် လက်ခံခြင်း မရှိပါက နဂိုမူလ လက်နက်ကိုင် သောင်းကျန်းသူအဖြစ် သတ်မှတ်ကာ ဥပဒေအရ တရားဝင် ဆက်ဆံခြင်း ပြုလုပ်တော့မည် မဟုတ်ကြောင်း ပြီးခဲ့သည့် သြဂုတ်လ (၂၃) ရက်နေ့က ရတခ တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းက ပါတီခေါင်းဆောင်တချို့အား တွေ့ဆုံစဉ်က သတိပေးပြောကြားခဲ့သည်။

ပါတီ၏ ပြောခွင့်ရသူက “ဒီအချိန်မှာ နအဖဘက်ကတော့ သောင်းကျန်းသူလို့ပဲခေါ်ခေါ်၊ ဘယ်လိုပဲ သတ်မှတ်ပါစေ။ ပြဿနာတွေ မပြီးဆုံးသေးရင်တော့ ပါတီက လက်နက်ချဖို့၊ လက်နက်အပ်ဖို့ ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ ပြည်သူလူထုရဲ့ အကျိုးစီးပွား၊ အာမခံချက် ရှိတဲ့တနေ့၊ ငြိမ်းချမ်းရေး အသီးအပွင့်တွေ အမှန်တကယ် ရှိလာတဲ့တနေ့ကျရင်တော့ ကျနော်တို့လက်နက်တွေ စွန့်တန်စွန့်မယ်။ ပြည်ထောင်စုထဲမှာ တပ်အသွင်ပြောင်းတာလည်း စဉ်းစားမယ်ပေါ့။ ဒီလိုမှမဟုတ်ဘဲ စစ်အစိုးရဘက်က စစ်ရေးအရ ဖိအားပေးတာ၊ အရေးယူတာတွေ ရှိလာရင်တော့ တုံ့ပြန်နိုင်ဖို့ ကျနော်တို့ဘက်ကလည်း ပြင်ဆင်ထားတာ ရှိပါတယ်” ဟု ပြောသည်။

ယခုအချိန်တွင် မွန်ပြည်သစ်ပါတီက ၎င်းတို့၏ မော်လမြိုင်၊ သံဖြူဇရပ်၊ ရေး စသည့် မြို့ပေါ်ရုံးများရှိ အရာရှိ၊ ဝန်ထမ်းများအား ၎င်းတို့ထိန်းချုပ်နယ်မြေသို့ ပြန်ခဲ့ရန် အကြောင်းကြားခေါ်ယူပြီဖြစ်ကြောင်း သိရသည်။

သို့သော် နှစ်ဖက် စစ်ရေးပြင်ဆင်မှုများ ရှိသော်လည်း နအဖဘက်က စစ်ရေးအရ အရေးယူခြင်း၊ ထိပ်တိုက်တွေ့ဆုံခြင်းများ ဖြစ်ပွားခြင်း မရှိသေးကြောင်း နိုင်ဟံသာဗွန်ခိုင်းက ဆိုသည်။

ပြီးခဲ့သည့် ဧပြီ (၂၂)ရက်နေ့က ပြည်သူ့စစ်အသွင်ပြောင်းရန် မွန်ပြည်သစ်က ငြင်းဆန်လိုက်ပြီးနောက် နှစ်ဖက်အခြေအနေ တင်းမာလာခဲ့ရာ ၎င်းတို့ထိန်းချုပ်ဒေသရှိ ပြည်သူ (၆၀၀) ကျော်တို့က နယ်စပ်သို့ ခတ္တတိမ်းရှောင်လာခဲ့ကြသည်။ ထိုအချိန်မှစ၍ မွန်ပြည်သစ်၏ ရန်ကုန်မြို့ရှိ ရုံးကို ပိတ်ပစ်ခဲ့ပြီး ယနေ့အထိ ပြန်လည် ဖွင့်လှစ်ခဲ့ခြင်း မရှိချေ။

No comments: