မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ဖို့နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ တပ်မ တော်ဟာ မပါမဖြစ် ပါဝင်ဖို့ လိုအပ်ကြောင်း ယုံ ကြည်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစု ကြည်က ပြော ကြား လိုက် ပါတယ်။နိုင်ငံပိုင်ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေကနေ မတ် ၁၄ ရက်နေ့မှာ ထုတ် လွှင့်ဖို့ ရှိနေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မဲဆွယ် စည်းရုံး ရေး ဟောပြောချက်မှာ ဒေါ်အောင်ဆန်းစုကြည်က အလေးအနက် ထားထည့် သွင်း ပြောကြား လိုက်တာ ပါ။
ဒေါ်အောင်ဆန်းစုကြည်က “၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း ထွက်ခဲ့ပြီး ကတည်းက ဒီဥပဒေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် က သဘော မတူတာ ကြေညာခဲ့ပြီး ပြုပြင်ရမယ့် အချက်တွေကို ထောက်ပြ ခဲ့ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ပါ တီစွဲ၊ အဖွဲ့စွဲ၊ ပုဂ္ဂိုလ်စွဲတွေ မထားဘဲ နိုင်ငံအကျိုး ကိုယ်သာ ရှေ့ရှုတဲ့ စိတ်ဓါတ်နဲ့ ညီညွတ်တဲ့ တပ်မတော် အင်အားစု အပါအ၀င်၊ လွှတ် တော် ကိုယ်စားလှယ် အားလုံးက ညှိညှိနှိုင်းနှိုင်း လုပ်သွားကြရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ စစ်တပ်နဲ့ နိုင်ငံတကာမှာရှိတဲ့ နိုင်ငံအသီးသီးကရှိတဲ့ စစ်တပ်များက နိုင်ငံကာကွယ်ရေး အတွက် အဓိကအင်အားစု ဖြစ် တယ်ဆိုတာကို အငြင်းပွားဖို့ မရှိပါဘူး။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အတွေ့အကြုံနဲ့ တွေ့ကြုံခဲ့ကြတဲ့ ဖြစ်စဉ်များအရ လက်ရှိ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရာမှာ တပ်မတော်က မပါမဖြစ် လိုအပ်တယ်လို့ ကျမယုံကြည်ပါတယ်။’ လို့ ပြောပါတယ်။
ဒါ့ပြင်ဒီနေ့ခေတ် အခြေအနေအထိ ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ကို အမြန်ဆုံး ရပ်ဆိုင်း နိုင်ပြီး ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှသာ တိုင်း ပြည်ဖွံ့ဖြိုးတိုးတက်ရေးတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပြီး ဒီလို လုပ်ဆောင်နိုင်ဖို့ အခြေခံသင့်တဲ့ အချက်တွေကိုလည်း ဒေါ်အောင်ဆန်း စုကြည်က သူ့ရဲ့ ဟောပြောချက်မှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
“ပြည်တွင်းစစ် မီးတောက်ကို အမြန်ဆုံး ငြိမ်းသတ်ပြီး ငြိမ်းချမ်းအောင် လုပ်နိုင်မှသာ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ပြည်တွင်းစစ်ရပ်ဆိုင်းပြီး ငြိမ်းချမ်းစေရေးအတွက် အဆင့် ၃ဆင့် ဆောင်ရွက်ပါမယ်။ ပထမအဆင့်အနေနဲ့က တနိုင်ငံလုံး အ တိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရပါမယ်။ ဒုတိယအဆင့်အနေနဲ့ နိုင်ငံရေးအရ ဆွေးနွေးပွဲတွေ ကျင်းပပြီး ညှိနှိုင်းအဖြေရှာကြရပါမယ်။ တတိယအဆင့် အနေနဲ့ တိုင်းရင်းသားတွေ လိုလားနေကြတဲ့ အတိုင်း ပင်လုံရဲ့ အခြေခံမူ ဖြစ်တဲ့ တန်းတူညီမျှမှု၊ ကိုယ်ပိုင်အုပ်ချုပ်ရေး ပြ ဌာန်းခွင့်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လွတ်လပ်စွာ ဆုံးဖြတ်နိုင်ခွင့်၊ စတာတွေကို အခြေခံတဲ့ ပြည်ထောင်စု နိုင်ငံစစ်စစ် တည်ထောင် နိုင်ဖို့ ဘုံ ဦးတည်ချက် ထားပြီး ကြိုးပမ်းရပါမယ်။ ကျမတို့ တိုင်းရင်းသား ညီအကို မောင်နှမတွေဟာ ခွဲထွက်ရေးကို လုံးဝ မလိုလားဘဲ စစ်မှန်တဲ့ ဒီမိုကရေစီကိုသာ လိုလားတယ် လို့ ကျမ တထစ်ချ ယုံကြည်ပါတယ်။”
တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်ပြီး နှစ် ၂၀ ကျော် ကြာမြင့်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးကာလ အတွေ့အကြုံတွေအပေါ် အခြေပြုပြီး တိုင်း ပြည်ရဲ့ တရားစီရင်ရေးမဏ္ဍိုင်ဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး စတဲ့ မဏ္ဍိုင်တွေနဲ့အတူ သီးခြားစီ ရပ်တည်ခွင့် ရှိဖို့ လိုအပ်သလို စာနယ်ဇင်း လွတ်လပ်ခွင့်တွေကိုလည်း အပြည့်အ၀ပေးဖို့ ထည့်သွင်း ပြောကြားခဲ့ တာပါ။ ဒါ့အပြင် ဗမာစကား အခက်အခဲ ရှိတဲ့ တိုင်းရင်းသား ဒေ သတွေရဲ့ ပညာရေးမှာ တိုင်းရင်းသား ဘာသာ စကားတွေကို ကျောင်းပညာရေးမှာ အသုံးပြုဖို့ အပါအ၀င် ပညာရေးနဲ့ ကျန်းမာရေးနဲ့ တောင်သူ လယ်သမားရေးရာ ကိစ္စတွေကိုလည်း ထည့်သွင်းပြောကြား ခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လာမယ့် ဧပြီ ၁ ရက် မှာ ကျင်းပဖို့ ရှိနေတဲ့ ကြားဖြတ် ရွေး ကောက် ပွဲမှာ လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာလုံး မှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ ရှိနေပြီး ဒီထဲမှာ ဒေါ်အောင် ဆန်းစုကြည်ကတော့ ရန်ကုန် တိုင်း ဒေသကြီး ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် မြေကနေ ၀င်ရောက် ယှဉ်ပြိုင်မှာပါ။ သူဝင်ရောက်ယှဉ်ပြိုင်မယ့် ကော့မှူး မဲဆန္ဒနယ် အတွင်းမှာတော့ ရပ်ကွက်ပေါင်း ၇ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၅၂ စု၊ ရွာပေါင်း ၆၄ ရွာရှိနေပြီး မဲပေးပိုင်ခွင့် ရှိသူ စုစုပေါင်း ၈၈၅၀၀ ရှိကာ မဲရုံပေါင်း ၁၂၉ ရုံရှိမှာလဲ ဖြစ်ပါတယ်။
No comments:
Post a Comment