လာမယ့် ဧပြီ ၁ ရက် ကြားဖြတ် ရွေး ကောက် ပွဲနေ့ မဲရုံ တွေမှာ လွှတ်တော် ကိုယ်စားလှယ် လောင်းတွေ အနေနဲ့ မဲရုံကိုယ် စားလှယ်ထားပြီး ရွေးကောက်ပွဲ တရားမျှတမှု ရှိ မရှိ စစ်ဆေး စောင့်ကြည့်ခွင့် ပြုလိုက်ပြီလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ပါတယ်။လွှတ်တော် ကိုယ်စားလှယ်လောင်းတွေဟာ သက်ဆိုင်ရာ မဲရုံအသီးသီးမှာ ကိုယ်စား မဲရုံ ကိုယ်စားလှယ် တဦးနဲ့ အကူ ကိုယ်စားလှယ် တဦး ထားရှိနိုင်တဲ့ အကြောင်းနဲ့  ရွေးကောက်ပွဲ မတိုင်ခင် ၁ပတ် ကြို တင်ပြီး မြို့နယ် ကော်မရှင်မှာ လျှောက်ထားရမယ် လို့ ကြေညာ ချက်မှာ ပါရှိပါတယ်။
မဲရုံကိုယ်စားလှယ်တွေအနေနဲ့  မဲပေးတဲ့ နေ့မှာ မဲရုံတွင်း ၀င်ရောက်ခွင့်ရမှာ ဖြစ်ပြီး မဲရေတွက်ခြင်းကိုလည်း ကြည့်ရှု စစ်ဆေးခွင့် ရမယ် လို့ ဆိုပါတယ်။ ကော်မရှင်ရဲ့ အခု ကြေညာချက်နဲ့ ပတ်သက်ပြီး ၂၀၁၀ ရွေးကောက်ပွဲ မှာ မိုးကောင်းမြို့နယ်က ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူ)က ဦးစောသန်းမြင့်က သူ့အတွေ့အကြုံကို ပြောပြပါတယ်။
“၂၀၁၀ မဲရေတွက်တုန်းက ပြည်ခိုင်ဖြိုးအတွက်ဘဲ ပါတယ်။ တခြား အဖွဲ့တွေ မတတ်ရဘူး။ မဲရုံကိုယ် စားလှယ်နဲ့ ပြည်ခိုင်ဖြိုးအဖွဲ့တွေက မဲရေတွက်စဉ်မှာ မဲရုံမှာ သူတို့ ၂ဖွဲ့ပဲ ရှိတယ်။ ပြည်ခိုင်ဖြိုးရဲ့ မဲရုံကိုယ်စားလှယ်အဖွဲ့ပေါ့။ အများအားဖြင့် ရေတွက်တာက မဲရုံမှူး တွေ များ တယ်။ တချို့နေရာမှာ ပြည်ခိုင်ဖြိုး အဖွဲ့ကပဲ အားလုံးယူသွားတယ်။ ကျနော့် မျက်စိရှေ့မှာပဲလေ ကျနော်တို့ မဲရုံကိုယ်စားလှယ်တွေက မဲရုံ နားကို ကပ်ခွင့်မှ မရှိတာ။”
ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက အမတ်လောင်းတွေရော ကိုယ်စားလှယ်တွေ အားလုံးပါ မြို့နယ်ကော်မရှင် ရုံးတွေကို ၀င်ရောက်ခွင့် မပြုတဲ့အတွက် မဲစာရင်း ပေါင်းစပ် ရေတွက်တာ၊ စာရင်း ထုတ်ပြန် တာ မှန်၊ မမှန် ဘယ်သူမှ မသိနိုင်ခဲ့ပါဘူး။ မဲစာရင်း ထုတ်ပြန် ရာမှာ လည်း စုစုပေါင်း စာရင်းကိုပဲ ထုတ်ပြန်ပေးလို့ အောက်ခြေ မဲရုံတွေက မဲစာရင်းအတိုင်း ဟုတ်၊ မဟုတ် ပြန်လည် တိုက်ဆိုင် စစ်ဆေး နိုင်ခြင်း မရှိခဲ့ပါဘူး။
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကတော့ ၂၀၁၀ ရွေးကောက်ပွဲ တုန်းကလိုမျိုး မဖြစ်နိုင်ဘူးလို့ မျှော်လင့်လို့  ကျားဖြူပါတီက ဦးစောသန်း မြင့်က ပြောပါတယ်။
“ကျနော်မေးလိုက်တယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်တဲ့ မဲရုံနဲ့ မဲ ကြီးကြပ်တဲ့ ကိစ္စနဲ့ ပတ်သက်တဲ့ စည်းမျဉ်း စည်း ကမ်းဟာ အောက်ခြေနဲ့ မပတ်သက် ဘူးလားလို့ မေးတော့၊ ကော်မရှင်ဥက္ကဌ ဦးတင်အေးက သူစတင် ကိုင်တွယ်တဲ့ အချိန်က စပြီးတော့ ဒါမျိုး မဖြစ်အောင် အထက်ကနေ အောက်ခြေထိ တာဝန်ရှိတဲ့သူတွေ၊ မဲရုံနဲ့ ပတ်သက်တဲ့ မဲရုံကိုယ်စားလှယ်တွေ၊ ရွေးကောက်ပွဲ ကော်မ ရှင် နဲ့ ၀န်ထမ်းတွေ အားလုံးကို တတန်းတည်း ဖြစ်အောင် ဆောင်ရွက်ပေးပါမယ်လို့ သူကိုယ်တိုင် ပြောကြား ထားတာ ရှိတယ်ဆိုတော့၊ ဘာပဲဖြစ်ဖြစ် ကျနော်တို့က ဒီတခါတော့ အတော်လေးတော့ အခြေအနေ တိုးတက်လာမယ်လို့ မျှော်လင့်တယ်။”
No comments:
Post a Comment