Wednesday, March 7, 2012

မွန်လက်နက်ကိုင် နိုင်ဗင်အဖွဲ့ လက်နက်ချ

ကောင်းဝါသတင်းဌာန


ရေးမြို့နယ် တောင်ပိုင်းနှင့် တနင်္သာရီတိုင်း ရေဖြူမြို့ နယ်တွင် လှုပ်ရှားပြီး နိုင်ဗင် ဦးဆောင်သည့် မွန် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တ ဖွဲ့ ဖေဖော်ဝါရီ လကုန် ပိုင်းတွင် ရေးမြို့ အခြေစိုက် စကခ (၁၉) ၌ လက်နက် ချခဲ့သည်။

မွန်အမျိုးသား စောင့်ရှောက်ရေးတပ် Mon National Watch Army အမည်ဖြင့် လှုပ်ရှားခဲ့သည့် ထိုလက်နက်ကိုင်အဖွဲ့မှာ ၁၉၉၇ ခန့်က တနင်္သာရီတိုင်း ရေဖြူမြို့နယ်တွင် လှုပ်ရှားနေသည့် ကျောင်းသား တပ်မတော် (ABSDF) တပ်ဖွဲ့ဝင်အချို့ထံမှ လက်နက်သိမ်းကာ စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

၎င်းတို့တပ်ဖွဲ့တွင် အဖွဲ့ဝင်အင်အား အနည်းငယ်သာ ရှိပြီး၊ လက်မှတ်ချပွဲ ပြုလုပ်နိုင်ရန် သတ်မှတ်ချက် ဖြစ်သည့် လူအင်အား ၃၀ နှင့် လက်နက် ၁၉ လက် ပြည့်ရန်အတွက် တပ်ဖွဲ့ဝင်ဟောင်းများကို လိုက်လံစည်းရုံးနေဆဲ ဖြစ်သည်။ လက်နက်ချစဉ်က ထိုတပ်ဖွဲ့ကို ဦး ဆောင်သူ နိုင်ဗင် အပါအဝင် တပ်ဖွဲ့ဝင် ၈ ဦးနှင့် လက်နက် ၈ လက်သာ ပါဝင်သည်ဟု ထိုတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

“သူတို့ အဖွဲ့မှာ လူတွေ မရှိကြတော့ဘူး၊ တချို့က ထိုင်းကိုရောက်၊ တချို့ဆို ဒုက္ခသည်စခန်းကို ရောက်နေကြပြီ။ ဒီလူတွေကို သူတို့ လိုက်ခေါ်နေတယ်” ဟု သူက ပြောသည်။

မွန်ပြည်သစ်ပါတီနှင့် ပြည်ထောင်စုအဆင့် အစိုးရကိုယ်စားလှယ်များ အပစ်အခတ် ရပ်စဲရေး အပါအဝင် ငြိမ်းချမ်းရေးအတွက် ပဏာမ လက်မှတ်ထိုးပြီး ရက်ပိုင်းအတွင်း အထက်ပါ လက်နက်ကိုင်အဖွဲ့ လက်နက်ချခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တင်မောင်ဝင်းက လက်နက်ချသူများကို စကခ (၁၉) တွင် ဂုဏ်ပြုညစာစားပွဲဖြင့် ဧည့်ခံခဲ့ပြီး၊ လက်ရှိတွင် ရေးမြို့နယ် တောင်ပိုင်း ခေါဇာမြို့ရှိ ခလရ ၃၁ တပ်ရင်းဝင်းတွင် ယာယီနေရာ ချထား ကြောင်း အမည်မဖော်လိုသည့် မွန်ပြည်သစ် ဗဟိုကော်မတီဝင်တဦးက ပြောသည်။

၎င်း၏ အဆိုအရ ဒေသခံ အစိုးရတပ်ရင်းက အထက်ပါ လက်နက်ကိုင်အဖွဲ့ကို အသုံးချပြီး မွန်ပြည်သစ်ပါတီနှင့် ပဋိပက္ခ ဖန်တီးရန် အ တွက် စည်းရုံးသိမ်းသွင်းခြင်း ဖြစ်သည်။

အစိုးရ ကိုယ်စားလှယ်နှင့် အပစ်အခတ် ရပ်စဲရန် သဘောတူစဉ်က ခေါဇာမြို့နယ်ခွဲ မကျည်းရွာတွင် ဒေသတည်ငြိမ်ရေးနှင့် လုံခြုံရေး အ တွက် တပ်တည်နေရာ ထားရှိရန် မွန်ပြည်သစ်ပါတီက တောင်းဆိုထားပြီး၊ အထက်ပါ လက်နက်ချ အဖွဲ့ကလည်း လက်နက်ချရာတွင် ရေးမြို့နယ် တောင်ပိုင်း၌ လှုပ်ရှားခွင့်ရရန် တောင်းဆိုထားသည်။

လက်နက်ချသူများကို ခေါဇာမြို့နယ်ခွဲ ရွှေဟင်္သာရွာသစ်တွင် နေရာချထားမည် ဖြစ်ပြီး၊ လက်နက်ချသူတဦးကို တိုက်အိမ်တလုံးစီနှင့် မြေ လွတ် မြေရိုင်း ၁၀ ဧကစီ ပေးဆောင်မည်ဟု ဒေသခံတပ်ရင်းက စည်းရုံးထားသည်။

လက်နက်ချသူများအတွက် ကျေးရွာ ၂၀ ခန့် ပါဝင်သည့် ကျေးရွာအုပ်စု ၆ ခုရှိ ခေါဇာမြို့နယ်ခွဲအတွင်းမှ ကျေးရွာအုပ်စုတခုလျှင် တိုက် အိမ် ၅ လုံးစီ ဆောက်လုပ်ပေးရန်နှင့် ဆန် ၁၀ အိတ်၊ ဆီတပုံးကို ၃ လတိုင် လစဉ်ထောက်ပံ့ပေးရန် မတ်လ ၂ ရက်နေ့တွင် ခေါဇာ မြို့ နယ် ခွဲ အုပ်ချုပ်ရေးမှူးက ကျေးရွာအုပ်ချုပ်ရေးမှူးများကို ခေါ်ယူပြီး ညွှန်ကြားထားခဲ့သည်။

မွန်ပြည်သစ်ပါတီနှင့် ယခင်နဝတ စစ်အစိုးရတို့ ၁၉၉၅ ခုနှစ်တွင် အပစ်အခတ် ရပ်စဲသည်ကို မလိုလားသည့် ထိုလက်နက်ကိုင်အဖွဲ့သည် မွန်ပြည်နယ် ရေးမြို့နယ် တောင်ပိုင်းနှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ် မြောက်ပိုင်းတွင် စတင်လှုပ်ရှားခဲ့ပြီး၊ ၂၀၀၁ ခုနှစ်တွင် မွန်ပြည်သစ် ပါတီမှ ခွဲထွက်ခဲ့သည့် ဗိုလ်မှူးကြီး နိုင်ပန်းညွန့် ဦးဆောင်သည့် ဟံသာဝတီ ပြန်လည်ထူထောင်ရေးပါတီနှင့် ဝင်ရောက်ပူးပေါင်းခဲ့သည်။

၂၀၀၂ ခုနှစ်တွင် ဟံသာဝတီ ပြန်လည်ထူထောင်ရေးပါတီက လက်ရှိ မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဌ နိုင်ရော့စကို ဖမ်းဆီးခဲ့ခြင်းကြောင့် ပြည် ပရောက် မွန်အဖွဲ့အစည်းများက ကြေညာချက် ထုတ်ကာ အသီးသီး ကန့်ကွက်ပြီး၊ နောက်ပိုင်းတွင် မွန်ပြည်သူတို့၏ ထောက်ခံမှု အား နည်းခဲ့သည်။

၂၀၀၃ ခုနှစ်မှ စပြီး ယခင်နအဖ စစ်တပ်၏ အောင်မိုးကြိုး စစ်ဆင်ရေး အမှတ် (၃) ကြောင့် နိုင်ဗင်အုပ်စုသည် အင်အားချိနဲ့ကာ၊ ဒေသခံ ရွာသား အများအပြားကိုလည်း နိုင်ဗင်အုပ်စုနှင့် ဆက်နွယ်သည်ဟူသည့် စွပ်စွဲချက်ဖြင့် အစိုးရတပ်က ဖမ်းဆီးထောင်ချခဲ့သည့်ပြင် သတ် ဖြတ်ခံရသူနှင့် မုဒိမ်းကျင့်ခံရသူ အများအပြား ရှိခဲ့သည်။

၎င်းတပ်ဖွဲ့ လှုပ်ရှားစဉ်ကာလ တလျှောက်တွင် ရေးမြို့နယ်တောင်ပိုင်းနှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ် မြောက်ပိုင်းရှိ ဒေသခံများမှာ အ စိုး ရတပ်များနှင့် ၎င်းတို့တပ်ဖွဲ့ကြောင့် ရွာမီးရှို့ခံရခြင်း အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု အများအပြား ခံခဲ့ရသည်။

No comments: