Thursday, March 15, 2012

တံတားနီနေ့ အထိမ်းအမှတ်ကျင်းပမည်

ကို​ထွေး

၁၉၈၈ ခုနှစ် မတ်လ ကျောင်းသား အရေးအခင်းမှာ သေဆုံးခဲ့ရသူတွေကို ရည်စူးပြီး တံတားနီနေ့ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားကို ရန် ကုန်မြို့မှာ ကျင်းပဖို့  အဲဒီ အရေးအခင်းမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားဟောင်း တွေ က စီစဉ် နေကြ ပါတယ်။

စစ်အစိုးရလက်ထက် နှစ်ပေါင်း ၂၀ ကျော် ကျင်းပခွင့် မရခဲ့တဲ့ တံတားနီ နေ့ နှစ်ပတ်လည် အခမ်းအနားကို အခု သမ္မတ ဦးသိန်းစိန် အစိုး ရလက် ထက်မှာ ပထမဆုံး အကြိမ်အဖြစ် မတ် ၁၆ ရက် နေ့ မနက် ၉ နာရီ ကျရင် ရန်ကုန်မြို့ ရွှေဂုံတိုင်မှာ ကျင်းပမယ် လို့ တံတားနီ အ ရေး အခင်းမှာ ပါဝင်ခဲ့သူတွေက ပြောပါတယ်။

အခမ်းအနား ကျင်းပရတဲ့ ရည်ရွယ်ချက်ကို အရေးအခင်းမှာ ကိုယ်တိုင်ပါဝင်ခဲ့သူ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုလှမျိုး နောင် က ရှင်းပြပါတယ်။

“ဒီသမိုင်းကြောင်းနဲ့ ပတ်သက်ပြီး အခု ဆိုရင်ပဲ တော်တော် များများ မသိကြတော့ဘူး။ ဒါကို သွား တွေ့နေရတယ်။ မတ် ၁၃ ရက် နေ့က ကိုဖုန်းမော် နှစ်ပတ်လည် အခမ်းအနား လုပ်တဲ့အခါမှာလည်း သတင်းမီဒီယာသမားတွေ ကြားထဲမှာကိုက ကိုဖုန်းမော်ကို သဲသဲကွဲကွဲ မ သိရှိကြဘူး။ မျိုးဆက်သစ်တွေ ကြားမှာလည်း အာရ်အိုင်တီ၊ ကိုဖုန်းမော်ရယ်၊ တံတားနီ အရေးအခင်းနဲ့ ပတ်သက်ပြီး သေသေချာချာ မ သိကြဘူး။

ဒါကို သိစေချင်တယ်။ သိစေချင်တယ် ဆိုတာက ဖုန်းမော်အရေးအခင်းနဲ့ တံတားနီ အရေးအခင်းဟာ ၈၈၈၈ အရေးတော်ပုံကြီးကို သန္ဓေ စတည်ခဲ့တဲ့ အရေးအခင်းပါ။ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းမှာ အင်မတန် အရေးပါတဲ့ ရက်စွဲတွေလို့ ကျနော်တို့တွေ ယုံကြည်ကြတယ်။ မတ်လ ၁၃ အဖြစ် အပျက်တွေကို အများပြည်သူ အောက်မေ့ သတိရနေဖို့နဲ့ မျိုးဆက်သစ်တွေ ကြားထဲမှာ ဒါကို ကျယ်ကျယ်ပြန့်ပြန့် နား လည် သဘောပေါက် ထားနိုင်ရေး အဓိက ရည်ရွယ်ချက် လို့ ပြောရမှာပေါ့။”

မူလက တံတားနီအနီးက အိုင်ဘီစီ အဆောက်အဦမှာ အခမ်းအနား ကျင်းပဖို့ ရည်ရွယ်ပေ မယ့် သက်ဆိုင်ရာက ခွင့်မပေးလို့ ရွှေဂုံတိုင်က ဒို့ရိုးရာစားသောက်ဆိုင်မှာ မနက်ဖြန် မနက် ၉ နာရီမှာ စတင်မှာ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် မတ် ၁၃ ရက်နေ့က လုံထိန်းတွေရဲ့ ပစ်ခတ်မှုကြောင့် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့ရတဲ့ အပေါ် မတ် ၁၆ ရက် နေ့မှာ ရန်ကုန် ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ် (ပင်မ) နဲ့ ရန်ကုန် တက္ကသိုလ် (လှိုင်နယ်မြေ) က ကျောင်းသားတွေ စုပေါင်းပြီး အင်ယား ကန် ဘောင်ဘေးက တံတားဖြူ အတိုင်း စက်မှုတက္ကသိုလ် (အာရ်အိုင်တီ) သို့ ချီတက်ရာမှာ စစ်တပ်နဲ့ လုံထိန်းတွေက အကြမ်းဖက် ဖြိုခွဲခဲ့ တာကြောင့် လူအသေအပျောက် ရှိခဲ့သလို ကျောင်းသား အများအပြား ဖမ်းဆီးခံရပါတယ်။

အဲဒီဖြစ်ရပ်ကို အကြောင်းပြုပြီး တံတားဖြူကို တံတားနီအဖြစ် အမည်တွင်လာပြီး တံတားနီနေ့ နှစ်ပတ်လည် အခမ်းအနားတွေ ကျင်းပ နေ ကြတာ ဖြစ်ပါတယ်။

No comments: