ကွန်းချမ်း | ကြာသပတေးနေ့၊ မတ်လ ၀၈ ရက် ၂၀၁၂
ဒေါ်အောင်ဆန်းစုကြည်၏ မော်လမြိုင် စည်းရုံးရေး ခရီးစဉ်အတွင်း မဲဆွယ် ဟောပြောခွင့် ရရန် တင်ပြထားသည့်နေရာကို မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးက ခွင့်မပြုသဖြင့် နေရာပြောင်းရွှေ့ လိုက်ရကြောင်း မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောသည်။
မော်လမြိုင်မြို့ ဘိုကုန်းရပ်ရှိ စည်ပင်ပိုင် သံလွင်ဥယျာဉ်ကို မတ်လ ၁၁ ရက်၊ တနင်္ဂနွေနေ့ နံနက် ၉ နာရီမှ ၁၁ နာရီထိ အသုံးပြုခွင့်ရရန် လျှောက်ထားခဲ့သော်လည်း စည်ပင်က အသုံးပြုခွင့် မပေးသဖြင့် ကော်မရှင် အဖွဲ့ခွဲရုံးက အကြောင်းကြားလာခြင်း ဖြစ်ကြောင်း မွန်ပြည် နယ် NLD အောင်နိုင်ရေး ညွှန်ကြားရေး တာဝန်ခံ ဦးကိုကိုဇော်ကပြောသည်။
“ဟောပြောပွဲမှာ လူများရင် ဥယျာဉ်ပျက်မယ်လို့ စည်ပင်က အကြောင်းပြတယ်။ ဥယျာဉ်စီမံကိန်း စတော့မယ် ဆိုပြီး ကျနော်တို့ တောင်း ဆို တာကို ငြင်းလိုက်တာပါ” ဟု မဇ္ဈိမကို ပြောသည်။
သံလွင်ဥယျာဉ်ကို အသုံးပြုခွင့်ရရန် သက်ဆိုင်ရာ ကော်မတီသို့ နှစ်ကြိမ်တိုင် တင်ပြခဲ့သော်လည်း ပယ်ချခံရသဖြင့် မော်လမြိုင် မြို့နှင့် ၆ မိုင် အကွာ ကျိုက်မရော မြို့နယ်အသွား မော်တော်ကား လမ်းဘေးရှိ ကျွဲခြံကုန်း ကျေးရွာ ဘောလုံး ကွင်းကို ထပ်မံ တင်ပြခဲ့ရာ ဗုဒ္ဓဟူးနေ့က ခွင့်ပြုချက် ရရှိခဲ့သည်ဟု သူက ပြောသည်။
ခွင့်ပြုချက် ရရှိသည့်ကွင်းမှာ သံလွင်ဥယျာဉ်ထက် ကျဉ်းပြီး မြို့နှင့် အလှမ်းဝေးသည့်အတွက် သွားလာရေး အခက်အခဲ ရှိနိုင်ကြောင်း ဦး ကို ကိုဇော်က ပြောသည်။
“အခု ဟောပြောပွဲ လုပ်မယ့်နေရာကို လမ်းလျှောက်ပြီး သွားလို့ မရဘူး။ ကားတွေ ဆိုင်ကယ်တွေနဲ့မှ သွားလို့ရမယ် ဆိုတော့ လာပြီး နား ထောင်တဲ့လူတွေ နည်းမယ်” ဟု သူက ပြောသည်။
၎င်း၏ ခန့်မှန်းချက်အရ သံလွင်ဥယျာဉ်တွင် လူသုံးသိန်းကျော် ဝင်ဆံ့မည် ဖြစ်ပြီး ကျွဲခြံကုန်းရွာ ဘောလုံးကွင်းသည် လူတသိန်းခန့်သာ ဝင်ဆံ့မည် ဖြစ်သည်။
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မွန်ပြည်နယ် ခရီးစဉ်ကို စနေနေ့ နံနက်တွင် မော်တော်ကားဖြင့် ရန်ကုန်မှ စတင်မည်ဖြစ်ပြီး မွန် ပြည်နယ် ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်မြို့နယ်များသို့ ဝင်ရောက်ကာ မွန်းလွဲပိုင်းတွင်မော်လမြိုင်သို့ ရောက်ရှိမည် ဖြစ်သည်။
စနေညနေပိုင်းတွင် မော်လမြိုင်မြို့ရှိ Strand Hotel ၌ ဂုဏ်ပြုညစာစားပွဲ ပြုလုပ်မည်ဖြစ်ပြီး ၁၉၉ဝ ရွေးကောက်ပွဲဝင် မွန်အမျိုးသား ဒီမို ကရေစီအဖွဲ့ (MNDF) ကိုလည်း ဖိတ်ကြားထားကြောင်း သိရသည်။
မွန်ပြည်နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်သည့်နေရာ တနေရာသာ ရှိပြီး ၎င်းမှာ သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဖြစ်သွား သည့် ကြံ့ခိုင်ရေးပါတီမှ ဦးအေးမြင့် အနိုင်ရခဲ့သည့် မော်လမြိုင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နေရာ ဖြစ်သည်။
ထိုနေရာတွင် NLD မှ ဒေါ်ခင်ဌေးကြွယ်၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဒေါ်မြင့်မြင့်ဝေ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါ တီမှ ဦးအောင်သန်းဦးနှင့် ကြံ့ခိုင်ရေးပါတီမှ ဦးတင်စိုးမိုးနိုင်တို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ မဲအောင်နိုင်ရေးနှင့် စည်းရုံးရေး ခရီးစဉ်များအတွင်း လှည်းကူး၊ မန္တလေး၊ တံတားဦး၊ မိတ္ထီလာနှင့် နေပြည် တော် စသည်တို့တွင် ဟောပြောပွဲ ပြုလုပ်ရန် နေရာအခက်အခဲနှင့် ကြုံခဲ့ရပြီး အချို့မြို့များတွင် လယ်ကွင်းပြင်များနှင့် သဲသောင်ပြင် များ တွင် ဟောပြောခဲ့ရသည်။
No comments:
Post a Comment