ကချင် ပြည်နယ် ဖားကန့် အနီးမှာ ကျောက်စိမ်း လုပ်ကွက် တွေက ထွက်လာတဲ့ မြေဇာ တွေကြောင့် ဥရု ချောင်းဟာ တိမ်ကော သွားနိုင် တယ်လို့ ဒေသခံ တွေက ပြောပါ တယ်။ကျောက်စိမ်းလုပ်ကွက်တွေမှာ ယန္တယားတွေနဲ့ တူးဖော်နေပြီး ထွက်လာတဲ့ မြေဇာတွေကို ချောင်း အတွင်းကို စွန့်ပစ်နေကြတာကြောင့် ချောင်း ဖြတ် သန်း စီးဆင်း နေတဲ့ လုံးခင်၊ ဖားကန်နဲ့ ဆိုင်း တောင်ကြား နေရာ တွေမှာ ချောင်း တိမ်ကော သွားနိုင်တဲ့ အခြေ အနေနဲ့ ရင် ဆိုင်နေရတာပါ။
ဖားကန့် ဒေသခံတဦးက “ဖားကန့် ဆိုင်းတောင်ပေါ့။ ကျနော်တို့ နေခဲ့တဲ့ ဒီနေရာတွေ ကတော့ ၂၀၀၆ ခုနှစ် နောက်ပိုင်းမှ ရေက နှစ် တိုင်းကြီး တယ်။ အခုဆိုရင် ချောင်းတွေက သဲစာတွေ ပစ်တာပေါ့။ မြေဇာတွေ ပစ် ထားတော့ လက်ပစ်တောင် ကူးသွားလို့ ရတယ်။ လမ်း တောင် လျှောက်လို့ ရတယ်။ ပေ ၄၀ – ၅၀ လောက်ပဲရှိမယ်။ ကုမ္ပဏီက မြေဇာ တွေ ချောင်းထဲကို စွန့်ပစ်တော့ ချောင်းက မြင့် တက် လာ ပြီးတော့ ချောင်းက ကောသွားတာပေါ့။”
ကုမ္ပဏီတွေက မြေဇာ စွန့်ပစ်တာတွေ များပြားတဲ့အတွက် ဥရုချောင်းထဲကို စီးဝင်နေတဲ့ ချောင်းလက်တက် တချို့ဆိုရင် ကောစပြုလာပြီး တချို့ နေရာတွေမှာ ဆိုရင် အရင်က ပေ ၃၀၀နဲ့ ၅၀၀ အကြားရှိတဲ့ ဥရုချောင်း အကျယ်ဟာ အခုအခါမှာတော့ ပေ ၅၀ လောက် ကျဉ်း မြောင်းသွားခဲ့ပြီလို့ ဒေသခံတွေက ပြောပါတယ်။
တရုတ်စီးပွားရေးလုပ်ငန်းရှင်ရဲ့ ကျောထောက်နောက်ခံ ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီတွေ ဒီဒေသမှာ ကျောက်တူးဖော်ရေး လုပ်ငန်း တွေ တိုးချဲ့လုပ်ကိုင်နေပြီး ဒီကုမ္ပဏီတွေဟာ ကျောက်ကြောကောင်းပြီး မတူးဖော်ရသေးတဲ့ ဥရုချောင်းအတွင်း ကျောက်မျက် တူးဖော်ဖို့ အလွန် အမင်း စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။ ၂၀၁၀-၁၁ ခုနှစ်တုန်းက ဥရုချောင်း ရှင်းလင်းရေးဟုခေါင်းစဉ်တပ်ကာ ဒေသ အာဏာပိုင် တွေကို ကျောက်မျက်တူးဖော်ရေးကုမဏီတွေက ငွေပေးပြီး ဥရုချောင်းအတွင်း ကျောက်စိမ်းတူး ဖော်ရေး လုပ်ငန်းများကို လုပ်ကိုင်ခဲ့ဖူးတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်စိမ်းတူးဖော်ရာတွင် ချောင်းတွင်သာမက ကမ်းပါးများကိုပါ မြေတူးစက်တွေ တူးဖော် နေမှုကြောင့် ဖားကန့် မြို့ဘက်ခြမ်းရှိ ဥရု ချောင်းကမ်းဘေး လမ်းမကြီးဟာ ရေတိုက် စားခံရပြီး ပျောက်ကွယ်သွားမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ဥရုချောင်းဟာ ကချင်ပြည်နယ်မှာ မြစ်ဖျားခံပြီးတော့ လုံးခင်၊ ဖားကန့်၊ ဆိုင်းတောင်၊ တာမခံ၊ ဟောင်ပါးတို့ကို ဖြတ်သန်းပြီး ချင်းတွင်း မြစ်တွင်းကို စီးဝင်ပါတယ်။ ၂၀၀၆ ခုနှစ်ကလည်း ဖားကန့် ဒေသရှိ လုံးခင်း၊ ဖားကန့်၊ ဆိုင်းတောင်၊ တာမခံ အပါအဝင် ဥရုချောင်း တ လျှောက် မှော်ကျေးရွာတွေဟာ ရေဘေးဒဏ်ကို စတင်ခံခဲ့ရပြီး လူအသေအပျောက်တွေလည်း ရှိခဲ့ပါတယ်။
No comments:
Post a Comment