Monday, March 12, 2012

KIO နှင့် အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ယုံကြည်မှု မရသေး

သျှမ်းသံတော်ဆင့်


ငြိမ်းချမ်းရေးအတွက် KIO နှင့် အစိုးရကိုယ်စားလှယ်များ တရုတ်နိုင်ငံရွှေလီမြို့ရှိ ကျင်းချိန့် ဟော်တည်တွင် ပြီးခဲ့သည့် ကြာသပတေး၊ သောကြာကတွေ့ဆုံဆွေးနွေးရာ နှစ်ဘက်ယုံကြည်မှုတည်ဆောက်ရေးကိစ္စ အပေါ် သဘော တူညီမှုမရသေးကြောင်းသိရသည်။

KIO က အဆင့် ၃ ဆင့် ဆွေးနွေးရန် တင်ပြထားရာ ပထမအနေဖြင့် ယုံကြည်မှုတည်ဆောက်ရန် ဖြစ်ပြီး အစိုးရဘက် မှ အပစ် အခတ် ရပ်ဆဲရေး လက်မှတ်ရေးထိုးရန်သာ ပြောဆိုနေသဖြင့် သဘောတူညီမှု မရနိုင် ဖြစ်နေကြောင်း KIO ပြောခွင့်ရ သူ တွဲဘက်အထွေထွေ အ တွင်းရေးမှူး ဦးလနန်ကသျှမ်းသံတော်ဆင့်သို့ ပြောသည်။

“သဘောတူညီချက်ရယ်လို့ ဆွဲထုတ်ပြနိုင်တဲ့ဟာတော့ မရှိသေးဘူး။ အဓိက ကျနော်တို့ဘက်က ပြောဆိုထားတဲ့ ဆွေး နွေးမှု အဆင့်သုံး ဆင့်ပေါ့ဗျာ။ အဲဒီအဆင့် ၃ ဆင့်ထဲက ပထမအဆင့်ဖြစ်တဲ့ ယုံကြည်မှုတည်ဆောက်ရေးဆိုတဲ့ကိစ္စ အပေါ်မှာ တင်းခံနေတုန်းပဲခင်ဗျ ” ဟု ပြောသည်။

ယုံကြည်မှုတည်ဆောက်ရေး ဆိုသည့် ပထမအဆင့်တွင် ပါဝင်သည့် ထိုးစစ်ဆင်နေသည့် အစိုးရတပ်များ ပြန်ရုပ် သိမ်း ရေး ဆိုသည့် အ ချက် အပေါ် အစိုးရကိုယ်စားလှယ်များက သဘောမတူကြောင်း သိရသည်။

KIOဘက်မှ တင်ပြထားသည့် အဆင့် ၃ ဆင့်မှာ တိုင်းရင်းသားများ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး တန်းတူညီမျှရေး ဆိုသည့် ပင်လုံ ကတိ ကဝတ်များ အပေါ်အခြေခံသည်ဟု သူက ဆိုသည်။

“ပထမအဆင့် ကတော့ နှစ်ဦးနှစ်ဘက်ယုံကြည်မှုတည်ဆောက်တဲ့အနေနဲ့ ပထမအဆင့်အနေနဲ့ လုပ်ရမဲ့ လုပ်ငန်းစဉ် တွေ ရှိတယ် အဲဒီ ပ ထမအဆင့်ပြီးမြောက်သွားတဲ့အခါ ဒုတိယအဆင့်က နိုင်ငံရေးဆွေးနွေးဖို့ပြင်ဆင်မှုလုပ်ရမယ်။ လက် တွေ့လုပ်မယ်၊ တတိယအဆင့်က ဒုတိယအဆင့်မှာ တိုင်းရင်းသားတွေအားလုံး သဘောတူထားတဲ့ အချက်တွေကို လက်တွေ့ အ ကောင် အထည်ဖေါ်ဖို့ ဘုံသဘော တူညီ မှုကိစ္စပေါ့ ဒီအဆင့် ၃ ဆင့်ပေါ့နော် ” ဟု ဆိုသည်။

အဆိုပါ တပ်ရုပ်သိမ်းရေးကိစ္စ ဆိုသည်မှာ နှစ်ဘက်ယုံကြည်မှုတည်ဆောက်ရာတွင် အရေးကြီးကြောင်း ယုံကြည်မှုရှိမှ သာလျှင် နိုင်ငံ ရေးဆွေးနွေးရေးကိစ္စများ ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း KIO အနေဖြင့် အစိုးရနှင့် ၁၇ နှစ်တာ အပစ် အခတ်ရပ်ဆဲ ခဲ့သော်လည်း မည် သည့်ထူးခြားမှုမှ မရှိကြောင်း သူက ဆက်ပြောသည်။

ဂျန္နဝါရီ ၁၉ ရက်နေ့က ရွှေလီမြို့၌ နှစ်ဘက်တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်ဘက်စစ်ရေးအရှိန်လျှော့ချရေး အပါအဝင်အချက် ၄ ချက်ပါ ကြေ ညာချက်တစ်စောင် ထုတ်ပြန်ခဲ့သော်လည်း ယနေ့တိုင် တိုက်ပွဲများ ဆက်ဖြစ်နေကြောင်းသိရသည်။

No comments: