Monday, July 1, 2013

အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြဝါဒခံယူပွဲသို့ ထိုင်း၊ အိန္ဒိယနှင့် သီဟိုနိုင်ငံရောက် ရဟန်းတော်များလည်း တက်ရောက်ခဲ့

နိရဉ္စရာ

ရန်ကုန်တိုင်း အင်းစိန်မြို့နယ် အောင်ဆန်းတောရ ကျောင်းတိုက်တွင် ဇွန်လ ၂၇ ရက်နေ့ နံနက် ၉နာရီမှ ည ရနာရီ အထိ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သော အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး သြဝါဒခံယူပွဲနှင့် ဦးဆောင် ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲသို့ တိုင်းနှင့် ပြည်နယ် ၁၄ ခုမှ ရဟန်းတော်များ သာမက ထိုင်း၊ အိန္ဒိယနှင့် သီရိလင်္ကာ နိုင်ငံတို့တွင် သီတင်းသုံးနေကြသော မြန်မာ ဆရာတော်များလည်း တက်ရောက်ခဲ့ကြသည်။

တက်ရောက်ခဲ့ကြသော ရဟန်းတော်များမှာ ထိုင်းနိုင်ငံမှ (၉)ပါး၊ သီရိလင်္ကာနိုင်ငံမှ (၁)ပါးနှင့် အိန္ဒိယနိုင်ငံမှ(၉)ပါး ဖြစ်ကြောင်း သိရသည်။

ညီလာခံသို့ တိုင်းနှင့် ပြည်နယ် အသီးသီးမှ တက်ရောက်ခဲ့ကြသော ရဟန်းတော်များမှာ ရန်ကုန်တိုင်းမှ (၇၈၄)ပါး၊ မန္တလေးတိုင်းမှ (၇၆)ပါး၊ ဧရာဝတီ တိုင်းမှ (၁၂၄)ပါး၊ မကွေးတိုင်းမှ (၇၀)ပါး၊ စစ်ကိုင်းတိုင်း မှ(၁၁၄)ပါး၊ တနသာင်္ရီတိုင်းမှ (၄၉)ပါး၊ ပဲခူးတိုင်းမှ (၉၃)ပါး၊ ကချင်ပြည်မှ (၃၆)ပါး၊ ကယားပြည်မှ (၁၀) ပါး၊ ကရင်ပြည်မှ(၂၄)ပါး၊ ချင်းပြည်မှ (၃)ပါး၊ မွန်ပြည်မှ(၃၀)ပါး၊ ရခိုင်ပြည်မှ (၂၁)ပါး၊ ရှမ်းပြည်မှ (၃၉)ပါး၊ နေပြည်တော်မှ (၁၂)ပါး တို့ ဖြစ်ကြသည်။

စုစုပေါင်း ရဟန်းတော် ၁၅၃၀ပါး၊ သီလရှင်(၂၅) ပါး၊ သတင်းမီဒီယာများမှ သတင်းထောက် (၈၃)ယောက်၊ လူပုဂ္ဂိုလ် (၁၀၀၀) ခန့် ထက်ရောက်ခဲ့ကြသည်။

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ဇ၀နသီရိကျောင်းတိုက်မှ ဦးဇောတိကမှလည်း သံဃာ့ညီလာခံနှင့် ပတ်သက်ပြီး နိရဉ္ဖရာသို့ ယခုလို မိန့်ကြားသည်။

“ ရခိုင်ပြည် အရေးအခင်းဟာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ တိုင်းရင်းသား ညီနောင်တွကို အမျိုးသားရေး မျက်စိ ဖွင့်ပေးလိုက်တယ်လို့ ဦးဇင်းမြင်ပါတယ်။ ဦးဇင်းတို့ နိုင်ငံမှာ ရခိုင်စာပေ။ ရခိုင်ယဉ်ကျေးမှု၊ ရခိုင်ဒေသ၊ ရခိုင်သမိုင်းအမွေအနှစ်တွေဟာ အလွန်တရာမှ ရှေ့ကျလှပါတယ်။ အမျိုးသီလကို စောင့်ထိမ်းတဲ့ နေရာမှာလည်း ဦးဇင်းတို့ကတော့ ရခိုင်လူမျိုးတွေကို စံထား အတုယူစရာလို့ မြင်ပါ တယ်။ အခု အစည်းအဝေးကနေ တိုင်းရင်းသား ညီနောင် သံဃာထု တွေအနေနဲလည်း ဒီထက်မက ညီညီညွတ်ညွတ် လုပ်ဆောင် လာနိုင်မယ်လို့ မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ ဒီမျိုးစောင့် ဥပဒေကို လူအခွင့်အရေး ချိုးဖေါက်တယ်လို့ ပြောတာဟာ ဘာသာရေးမှာ အလွန်တရာမှ အားနည်းတဲ့ အတွက်ကြောင့်လို့ ဦးဇင်းက သုံးသပ် ပြောကြားချင်ပါတယ်။ ဒါ့ပြင် ရန်ကုန်မြို့မှာ ရခိုင် သတင်း မီဒီယာ တစ်ခုကို ခုလို ပြောခွင့်ရတာ ပထမဆုံး အကြိမ် ဖြစ်တဲ့ အတွက် နိရဉ္ဖရာကိုလည်း ကျေးဇူး တင်ပါတယ်” ဟု ဆိုသည်။

သံယာ့ အစည်းအဝေးသို့ ရခိုင်ပြည်နယ် ကိုယ်စားပြု ရဟန်းတော် (၂၁) ပါး တက်ရောက်ခွင့်ရခဲ့ပြီး ထိုအထဲတွင် ပါဝင်သော ရမ်းဗြဲမြို့နယ် ချောင်းဝရွာမှ အရှင် ကုန္ဒ၀ဇီရမှ ယခုလို မိန့်ကြားသည်။

“ ဦးဇင်းတို့ ရခိုင်ပြည်က သံဃာတော် ၂၁ ပါးတက်ရောက်ခဲ့ကြပါတယ်။ သို့သော် တခြား တိုင်းနဲ့ ပြည်နယ် အသီးသီးကို ကိုယ်စားပြုပြီး တက်ရောက်လာကြတဲ့ ရခိုင် သံဃာတော်တွေကိုပါ ပေါင်းထည့်မယ် ဆိုရင်တော့ ၂၀၀ လောက်တော့ ရှိပါလိမ့်မယ်။ ဦးဇင်းတို့ ချောင်းဝရွာ (သပြေချောင်း) က အစပြုခဲ့တဲ့ ဒီအရေးအခင်းကြီးဟာ အခုဆိုရင် မျိုးစောင့် ဥပဒေ ထုတ်ပြန် ရတော့မယ့် အနေအထားထိ ဖြစ်လာပါပြီ။ ဒီလိုပါပဲ တခြား ဆော်ဒီတို့ မလေးရှားနဲ့ စင်ကာပူတို့လို့ နိုင်ငံတွေမှာလည်း သူ့တို့လူမျိုးကို ကိုကာကွယ်မယ့် ဥပဒေတွေ အသီးသီး ရှိကြတာဘဲ။ ဒါဟာ လူ့အခွင့် အရေး ချိုးဖေါက်တာ မဟုတ်ပါဘူး။ နိုင်ငံတိုင်းမှာလည်း သူ့နိုင်ငံနဲ့ သူ လိုအပ်တဲ့ ဥပဒေတွေကို ပြဌာန်းလို့ ရှိတယ်လို့ ဦးဇင်းတို့ သိရတဲ့ အတွက် မြန်မာနိုင်ငံမှာလည်း ကိုယ့်လူမျိုးနဲ့ သက်ဆိုင်တဲ့ မျိုးစောင့် ဥပဒေ တစ်ရပ်တော့ ရှိဖို့လိုတယ်လို့ ဦးဇင်းတို့က ခံယူပါတယ်။ ရင်ထဲမှာရှိတာတွေကိုပြောခွင့်ရလို့ နိရဉ္စရာ သတင်းဌါနကို အထူး ကျေးဇူးတင်ပါတယ်။”

သံယာ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ကျောက်ဖြူမြို့နယ် ကျောက်ပြောက်ရွာ ကျောင်းတိုက် ဆရာတော်အရှင် ဥာဏိကမှလည်း ယခုလို မိန့်ကြားသည်။

“ ဒီဥပဒေဟာ လူ့အခွင့်အရေးကို ချိုးဖေါက်မယ့် ဥပဒေ မဟုတ်ပါဘူး။ ဦးဇင်းတို့ နိုင်ငံအတွက် လိုအပ်လာလို့ ဒီဥပဒေကို တင်သွင်းဖို့ ရဟန်းတော်တွေ ကြိုးစားကြတာသာ ဖြစ်ပါတယ်” ဟု မိန့်ကြားသည်။

အစည်းဝေးတွင် သြ၀ါဒကထာ မြွက်ကြားသူ သီတဂူဆရာတော် ဒေါက်တာ ညာဏိသာရမှ Time မဂ္ဂဇင်း၏ ဇူလိုင်လ ၁ ရက်နေ့ထုတ် The Face of Buddhist Terror မျက်နာဖုံးနှင့် ဆောင်းပါးမှာ ရန်တိုက်ပေးလိုသော သဘောမျိုး ရှိသော်လည်း ဘုရားသားတော် သံဃာတော်များအနေဖြင့် အစစအရာရာ သည်းခံကြဖို့ လိုအပ်ကြောင်း အထူး တိုက်တွန်းမိန့်ကြား သွားခဲ့သည်ဟု ကျောက်ပြောက်ရွာ ဆရာတော်မှ မိန့်ကြားသွားပါသည်။

No comments: