Monday, July 1, 2013

သမ္မတရုံးက တိုင်းမ်မဂ္ဂဇင်းကို ကန့်ကွက်ခြင်းအား သံဃာတော်များ ထောက်ခံဆန္ဒပြ

မင်းမင်း | တနင်္လာနေ့၊ ဇူလိုင်လ ၀၁ ရက် ၂၀၁၃

တိုင်းမ်မဂ္ဂဇင်းက ဖော်ပြခဲ့သော ''ဗုဒ္ဓဘာသာ၏ အကြမ်းဖက်မျက်နှာစာ''ဟူသည့် ဆောင်းပါးအပေါ် သမ္မတရုံး က ကန့်ကွက်မှုကို ထောက်ခံကြောင်း သံဃာတော်အပါး ၈ဝ ခန့် ဦးဆောင်သည့် လူရာပေါင်းများစွာသည် ဇွန် ၃ဝ ရက်က ရန်ကုန်မြို့ လယ်ဆူး လေစေတီအနီးတွင် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပွဲကိုဦးဆောင်သည့် သံဃာတစ် ပါးဖြစ်သော မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက ဗုဒ္ဓဘာသာသည်တိုင်းမ်မဂ္ဂဇင်းက ဖော်ပြသကဲ့သို့ မဟုတ်ဘဲ ငြိမ်းချမ်းရေးအသွင်ဆောင်သည့် ဘာသာဖြစ်၍ သမ္မတရုံး၏ လုပ်ဆောင်ချက်ကို အပြည့်အဝထောက်ခံသည်ဟု မိန့်ကြားခဲ့သည်။

ဆန္ဒပြသည့် သံဃာတော်များနှင့် ရာနှင့်ချီသော လူအုပ်ကြီးက ဆူးလေစေတီအနီးရှိ မဟာဗန္ဓုလပန်းခြံကိုပတ်၍မေတ္တာသုတ်ကိုရွတ်ဆိုကြပြီး ''တိုင်းမ် မဂ္ဂဇင်းဆောင်းပါး အား ကန့်ကွက်ပေးသူ သမ္မတကြီး ကျန်းမာပါစေ၊ ချမ်းသာပါစေ''၊ ''တိုင်းမ်မဂ္ဂဇင်း ဆောင်းပါးအား ဆန့်ကျင်ရေး ဒို့အရေး''၊ ''အမျိုးဘာသာ သာသနာ ကာကွယ်ရေး အောင်ရမည်'' စသည့် ကြွေးကြော်သံများကို ဟစ်ကြွေးခဲ့ကြသည်။

ထို့ပြင် ဆန္ဒပြသံဃာများက ''တိုင်းမ် မဂ္ဂဇင်းမှ ဆောင်းပါးရှင် ဟန်နာဘိရှ် သမိုင်း ဖြင့်ရေးပါသလား၊ ငွေဖြင့်ရေးပါသလား'' ဟု ရေးသားထားသော ဆိုင်းဘုတ်ကိုလည်း ကိုင်ဆောင်ခဲ့ကြသည်။

ယခုဆန္ဒပြပွဲကို ကျောက်တံတားမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရဲစခန်းက တရားဝင်ခွင့်ပြုပေးခဲ့ကြောင်းလည်း ဆန္ဒပြသူများက ပြောသည်။

ဆန္ဒပြပွဲ၌ ပါဝင်ခဲ့သူ ထေရဝါဒ ဓမ္မ ကွန်ရက်၏ သဘာပတိ ဦးအောင်မြိုင်က ဗုဒ္ဓဘာသာဝင်များ အများဆုံးနေထိုင်သည့် မြန်မာနိုင်ငံနှင့်ပတ်သက်၍ တိုင်းမ် မဂ္ဂဇင်း ၏ ဖော်ပြမှုမှာ မှားယွင်းသည့် လုပ်ရပ်သာ ဖြစ်သည် ဟုလည်း ထောက်ပြပြောဆို ခဲ့သည်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ အခြေစိုက် ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်း၏ ဆောင်းပါးတွင် မြန်မာနိုင်ငံတွင် ဆရာတော် ဦးဝီရသူက အမုန်းတရားများကို ဟောနေပြီး မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်အချို့သည် သွေးဆူနေ သည်ဟု ရေးသားထားသည်။

ဇွန် ၂၇ ရက်က ရန်ကုန်မြို့တွင်ပြုလုပ်သော သံဃာတော်အပါး ၁၅ဝဝ ကျော် တက်ရောက်သည့် သြဝါဒခံယူပွဲတွင်သီတဂူ ဆရာတော် အရှင်ဉာဏိဿရက TIME မဂ္ဂဇင်း၏ရေးသားမှုမှာ မှားယွင်းမှုဖြစ်ကြောင်း ဝေဖန်ခဲ့သည်။

တိုင်းမဂ္ဂဇင်း၏ ဆောင်းပါးကို သမ္မတ ရုံးက ဇွန် ၂၃ ရက်က ကြေညာချက်ထုတ်ပြန် ကန့်ကွက်ခဲ့ပြီးနောက် ထိုဆောင်းပါးကို မြန်မာနိုင်ငံအတွင်း မူရင်းစာစောင်အတိုင်းဖြစ်စေ၊ မိတ္တူပွား၍ ထုတ်လုပ်ခြင်းဖြစ်စေမပြု ရန်နှင့် ရောင်းချခြင်း၊ လက်ဝယ်ထားရှိခြင်း လည်းမလုပ်ရန် အစိုးရ၏ အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီက ဇွန် ၂၅ ရက်၌ ဆက်လက်တားမြစ်ခဲ့သည်။

No comments: