Thursday, July 4, 2013

ဘာအရေးကြီးဆုံးလဲ

အဏ္ဏဝါစိုးမိုး

ကျွန်တော် အသက်ငယ်ငယ်က ကြားခဲ့ရတာဆိုတော့ လွန်ခဲ့သည့် နှစ်ပေါင်း ခြောက်ဆယ်လောက်ကဖြစ်သည်။ ကျွန်တော်တို့ အိမ်ကြီးသည် ခြေတန်ရှည်မြေစိုက် သစ်သားအိမ်ကြီး ဖြစ်သည်။ အိမ်ကြီးရဲ့အောက်ထပ်လို့ဆိုရမည့် မြေပြင်မှာ ကျွန်တော့်အဘိုးနှင့် ရပ်ရွာလူကြီးတွေ စကားဝိုင်းဖွဲ့ပြောတာကို ကြားခဲ့ရတာဖြစ်သည်။ ကျွန်တော့်အဖွား တည်ခင်းချကျွေးထားသည့် စားစရာနှင့် ရေနွေးကြမ်းကို စားသောက်ကြရင်း စကားဝိုင်းဖွဲ့ ပြောကြတာကို နားထောင်ခဲ့ရတာဖြစ်သည်။

ဘုရားဒကာ၊ ကျောင်းဒကာ၊ ရပ်ရွာလူကြီးတွေ၏ စကားဝိုင်းဖြစ်လို့ တစ်နေ့တစ်မျိုး မရိုးနိုင်သည့် အကြောင်း အရာတွေက စုံသည်။ စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါအထွက်နှုန်း၊ ပေါက်ဈေးနှုန်းတွေ ပါသည်။ မိုးဦးနောက်ကျကာ၊ သင်္ကြန်လက်ဆေးမိုး မရွာတာစသည့် ရာသီဥတုအကြောင်း ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း ဘိလပ်ကပြန်လာ လျှင် လွပ်လပ်ရေးရတော့မည်ဆိုတာ ပါသည်။ ရွာဦးကျောင်းဝင်းထဲမှာ ဆွမ်းစားကျောင်းဆောင်ဆောက်ဖို့ ကိစ္စ ပါသည်။ ၃၁ ဘုံ ယုံကြည်ချက်သည် ဘုရားဟောတာ ဟုတ်မဟုတ်ဆိုတာ ပါသည်။ ဓမ္မစကြာပါဠိတော် မှာ ဒွေမေဘိက္ခဝေကစပြီး ဘုရားပြောဖြစ်တယ်ဆိုတာတွေအထိ ပါသည်။ စိတ်ဝင်စားစရာကောင်းသည့် စကားဝိုင်း ဖြစ်သည်။

ကျွန်တော့်အဘိုး၊ ဦးဖိုးဖြူ၊ ဦးမောင်နီ၊ ဦးညိုကြီး၊ ဦးမည်းကျော်တို့၏ စကားဝိုင်း ဖြစ်သည်။ ကျွန်တော့်အဘိုးက သူ့မိတ်ဆွေတွေကို ဖြူ၊ နီ၊ ညို၊ မည်းတွေလို့ ခေါ်သည်။ ကျွန်တော်အဘိုးဦး မောင်လှိုင်က စပါးကုန်သည်။ ဆားကုန်သည် ဖြစ်သည်။ ခြံထဲမှာစပါးတွေကို ဂိုဒေါင်ကြီးဖြင့် လှောင်သည်။ ဆားတွေကို အိမ်အောက်ထပ် က မြေပြင်မှာ နှီးကြောဖျာခင်းပြီး ပုံထားသည်။ ကျွန်တော်တို့ညီအစ်ကိုတွေ တက်စီးဆော့ကစားလို့ ရလောက်အောင် ကြီးမားသည့် ဆားချိန်သည့် ချိန်ခွင်ကြီး အိမ်အောက်ထပ်မှာ ရှိသည်။

ဦးဖိုးဖြူက လယ်ပိုင်ရှင် ကုန်စုံဆိုင်ပိုင်ရှင်ရွာသူဌေး ဖြစ်သည်။ အင်္ဂလိပ်ငွေဒင်္ဂါး ငါးထောင်လောက်ရှိသည်။ ရွှေ တစ်ပိဿာလောက်ရှိသည်။ နေ့စဉ်ဝင်ငွေ ၂၅ ကျပ်၊ ၃ဝ ကျပ်လောက်ရှိသည်ဟု သိရသည်။ ရွာသူဌေးဖြစ်သည်။ ဆန်တစ်ပြည် ငွေတစ်မတ်၊ ရွေတစ်ကျပ်ကို ၇၅ ကျပ်သာ ပေးရသောခေတ် ဖြစ်သည်။

ဦမောင်နီက ရွာသူကြီးဖြစ်သည်။ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ တစ်ကျော့ပြန် အင်္ဂလိပ်ခေတ်ဆိုသည့်ခေတ်သုံးခေတ်မှာ ပိုးစလွယ်ရထားသူ ဖြစ်သည်။ အင်္ဂလိပ်က ပေးအပ်ထားသည့် နှလုံးပြူးသေနတ်နှင့် တိုင်းကျိုးပြည်ကျိုးဆောင် ပိုးစလွယ်ရထားသူ ဖြစ်သည်။ အင်္ဂလိပ်ခေတ်မှာ နိုင်ငံရေးသမားသခင်တွေကို ဖမ်းပေးနိုင်လို့ နာမည်ကောင်းရခဲ့သည်။ ဂျပန် ခေတ်မှာ သံဖြူဇရပ် ရထားလမ်းဖောက်ဖို့အတွက် ချွေးတပ်ဆွဲ ရာမှာ သူ့ဆွေးမျိုးတွေနှင့် ကျွန်တော်တို့မိသားစုကိုချန်ပြီး ဆွဲလို့ ဂျပန် ကင်ပေတိုင်ဗိုလ်ကပေးသည့် အနီရောင် ဘူးသီးငါးပေါင်းကြော်လက်ပတ်လည်း ရထားသည်။ အင်္ဂလိပ်ပြန်တက်လာတော့ ရွာကဗိုလ်တဲကို ရောက်လာ သည့် အင်္ဂလိပ်အရေးပိုင်လိုတာမှန်သမျှ ဆောင်ရွက်ပေးနိုင်သည့်အတွက် ရာထူးဆက်မြဲနေသည်။

ဦးညိုကြီးက ကျောင်းဆရာကြီးဖြစ်သည်။ အင်္ဂလိပ်ခေတ်မှာ ခုနစ်တန်းအောင်သည်။ နော်မန်ကျောင်းထွက်ဖြစ်လို့ အင်္ဂလိပ်စာ မတတ်သော်လည်း မြန်မာစာနှင့် အက္ခရာသင်္ချာ အသင်အပြကောင်းသည်။မြန်မာနိုင်ငံ လွတ်လပ်ရေးရလျှင် အလယ်တန်းကျောင်းအုပ် ရာထူးရနိုင်သူ ဖြစ်သည်။

ဦးမန်းကျော်က လူပြန်တော်၊ စာတတ်ပေတတ် ဖြစ်သည်။ ရဟန်းဘဝဖြင့် ဝါတော် ၂ဝ ရပြီးမှ ပါရမီကုန်လို့ လူထွက်ပြီး အိမ်ထောင်သားမွေး လုပ်နေသူဖြစ်သည်။ ဆွမ်းဒကာမ၏ သမီးလုံးကြီးပေါက်လှ သူ့ထက် ဆယ်နှစ်လောက် အသက်ငယ်သူနှင့် အိမ်ထောင်ကျသည်။ ဘုန်းကြီးဘဝဖြင့်စုထားသည့် ငွေကြေးတွေဖြင့် လယ်ဝယ်၊ နွားဝယ်၊ အိမ်ဝယ်ပြီး စာရင်းငှား (သူရင်းငှား) ဖြင့် သီးစားချထား၊အေးဆေးစွာ စားသောက်နေသူဖြစ်သည်။ ရဟန်း လူထွက်ပီပီ စကားဝိုင်းမှာ သစ္စာလေးပါးနှင့် ဝိပဿနာတရားအကြောင်းပဲ ပြောချင်သူဖြစ်သည်။

တစ်ခါမှာတော့ စကားဝိုင်းသည် မတူသည့်အယူအဆဖြင့် သဘောကွဲလွဲကြသည်။ မိမိ၏ဘဝနှင့် လိုက်လျော ညီထွေဖြစ်သည့် ခံယူချက်ကို အသေကိုင်ထားကြလို့ တစ်ယောက်နှင့်တစ်ယောက် ယုံကြည်ချက်မတူဘဲ ကွဲလွဲကြတာ ဖြစ်သည်။ အမေးပုစ္ဆာပြဿနာက လွယ်မယောင်နဲ့ ခက်နေလို့ ဖြစ်သည်။

''ဘဝမှာ ဘာအရေးကြီးဆုံးလဲ'' ဒီအမေးပုစ္ဆာပြဿနာကို တင်သွင်းတာ ကျွန်တော့်အဘိုး ဖြစ်သည်။ ရွာသူဌေး ရွာသူကြီးကျောင်းဆရာနှင့် ရဟန်းလူထွက်တို့ကို တစ်ယောက်ပြီးတစ်ယောက် အကြောင်းပြချက်ဖြင့်ဖြေခိုင်းသည်။ ထိုင်နေကြသည့် အနေအထားအတိုင်း လင်္ကျာရစ် ဖြေကြရသည်။

''မောင်ဖြူ၊ ဘဝမှာဘာအရေးကြီးဆုံးလဲ'' ''ပိုက်ဆံချမ်းသာဖို့ အရေးကြီးတယ်၊ ချမ်းသာမှလုပ်ချင်တာ၊ဖြစ်ချင်တာအားလုံးကို လုပ်နိုင်တယ်၊ ဖြစ်နိုင်တယ်၊ ဘဝမှာ ပိုက်ဆံချမ်းသာဖို့ ရေးကြီးတယ်'' ''မောင်နီ၊ ဘာအရေးကြီးသလဲ'' ''အာဏာရှိဖို့ အရေးကြီးတယ်၊ ချမ်းသာသူကိုရော၊ ဆင်းရဲသူကိုပါ၊ အာဏာ ရှိတဲ့သူက အုပ်ချုပ်ရတယ်၊ အမိန့်အာဏာနဲ့ခေါ်ရင် လာကြရတယ်၊ အာဏာရှိဖို့ အရေးကြီးတယ်''

''ကိုညိုကြီးကရော ပြောပါဦး'' ''ပညာတတ်ဖို့ အရးကြီးပါတယ်၊ ပညာတတ်မှ အကျိုးကိုသိတယ်၊ အကြောင်းကို သိတယ်၊ အဆိုးကိုသိတယ်၊ အကောင်းကို သိတယ်၊ ပိုက်ဆံချမ်းသာပြီး အာဏာရှိတဲ့ ဝိဒေဟရာဇ်မင်းကြီးဟာ ပညာရှိသုခမိန် မဟောသဓာကို အားကိုးရတာပဲ၊ ပညာတတ်ဖို့ အရေးကြီးပါတယ်''

''ကိုမည်းကျော်ကရော၊ ဘယ်လိုလဲ၊ ဘာအရေးကြီးတယ် ထင်သလဲ'' ''စိတ်ချမ်းသာဖို့ အရေးကြီးပါတယ်။ ချမ်းသာသူ၊ အာဏာရှိသူ၊ ပညာတတ်သူတွေဟာ၊ ဓနဂုဏ်၊ အာဏာအရှိန်အဝါ၊ ပညာမာနတွေကြောင့်
လောဘ၊ ဒေါသ၊ မာနတွေနဲ့ ပူလောင်နေကြတယ်၊ ရုပ်နာမ်တို့ရဲ့ ဖြစ်၊ ပျက်ကိုသိမြင်ပြီး သိလဝိသုဒ္ဒိဖြင့်နေနိုင်ဖို့အရေးကြီးပါတယ်၊ စိတ်ချမ်းသာဖို့ အရေးကြီးပါတယ်''


ဘဝမှာ ဘာအရေးကြီးဆုံးလဲဆိုတဲ့ အမေးပုစ္ဆာကို ဖြေသွားကြသူတွေသည် သူတို့ဘဝစရိုက်နှင့် လိုက်လျော ညီထွေဖြစ်သည့် အဖြေတွေကို ဖြေသွားကြသည်။ သူဌေးက ပိုက်ဆံချမ်းသာဖို့ အရေးကြီးတယ်၊ ရွာသူကြီးက အာဏာရှိဖို့ အရေးကြီးတယ်၊ ကျောင်းဆရာက ပညာတတ်ဖို့ အရေးကြီးတယ်၊ ရဟန်းလူထွက်က စိတ်ချမ်းသာ ဖို့ အရေးကြီးတယ်လို့ ဖြေကြသည်။ မေးခွန်း၊ မေးသူ ကျွန်တော့်အဘိုး၏ အလှည့်သာကျန်တော့သည်။ အမေးခံရသူတွေက ပြန်မေးကြသည်။

''မောင်လှိုင် နင်ကရော ဘာအရေးကြီးဆုံးလို့ လက်ခံထားလဲ'' ''ခင်ဗျားတို့အားလုံးနဲ့ ကျွန်တော့်ခံယူချက် မတူဘူး၊ ကျွန်တော် ယုံကြည်လက်ခံထားတာကတော့ ကျန်းမာစွာဖြင့် အသက်ရှည်ဖို့ အရေးကြီးဆုံးပဲ''

ကျွန်တော့်အဘိုးက ဆက်လက်ရှင်းပြသည်။ အသက်ရှည်ပြီး မကျန်းမာလျှင်သော်လည်းကောင်း ကျန်းမာပြီး အသက်တိုလျှင်သော်လည်းကောင်း မကောင်း၊ အသက်ရှည်ကျန်းမာမှ လောကီ၊ လောကုတ္တရာ လုပ်ချင်တာ လုပ်နိုင်သည်ဟု ရှင်းပြသည်။

ကျွန်တော်တို့မှတ်မိသည့် အချိန်မှာပင် ရွာသူဌေး ဦးဖြူအိမ်ကို ဓါးပြတိုက်ခံရသည်။ သားတွေနှင့်အတူ ဓါးပြတွေကိုခုခံလို့ ပစ်သတ်ခံလိုက်ရသည်။ ဓါးပြတွေက အိမ်ကိုပါ မီးတင်ရှို့ကြသည်။

မြန်မာပြည် လွတ်လပ်ရေးရသည့်အခါ ရွာသူကြီးဦးမောင်နီ အာဏာလက်မဲ့ ဖြစ်သွားသည်။ နှစ်လုံးပြူးသေနတ်ပျောက်မှုဖြင့် အရေးယူခံရသည်။ ဂျပန်ခေတ်က နှိပ်စက်ခံရသူတို့က ရန်ငြိုးထားတာကို ခံရသည်။ စိတ်ထိခိုက်ပြီး သေဆုံးသွားသည်။ ကျောင်းဆရာကြီး ဦးညိုကြီးသည် ပြည်တော်သာခေတ်မှာ အလယ်တန်ကျောင်းအုပ် ဖြစ်သည်။ ပင်စင်ယူခါနီးမှ လေဖြတ်လို့ ဆေးပင်စင် ယူလိုက်ရသည်။ အိပ်ရာထဲမှာ ချေးစက် လက်၊ သေးစက်လက်ဖြင့် လဲနေသည်။ မိသားစုကလည်း စိတ်မရှည်တော့လို့ မြန်မြန်သေပါစေလို့ ဆုတောင်းနေစဉ် ကွယ်လွန်သွားသည်။

ရဟန်းလူထွက် ဦးမည်းကျော်၏ဇနီး လုံးကြီးပေါက်လှက သူ့ထက်အသက်ငယ်သည့် လယ်သူရင်းငှားနောက်ကို လိုက်ပြေးသည်။ ကလေးနှစ်ယောက်နှင့် ဒုက္ခရောက် ကျန်ခဲ့သဖြင့် စိတ်မချမ်းသာ ဖြစ်နေရသည်။ စိတ်မချမ်း သာရာမှ နှလုံးရောဂါပါ ရလေတော့သည်။ နှလုံးရောဂါဖြင့်ပင် ကွယ်လွန်သည်။

ကျွန်တော့်အဘိုးကတော့ အသက် ၉၃ နှစ်ကျမှ လူကြီးရောဂါဖြင့် ကွယ်လွန်သည်။ ကွယ်လွန်သည်အထိ ဘာရောဂါမျှမဖြစ်ခဲ့ဘဲ အမှည့်ကြွေကြွေပြီး မီးစာကုန်ဆီခန်း သွားခဲ့သည်။ သူလက်ခံ ယုံကြည်ထားသည့် အတိုင်း ကျန်းမာစွာဖြင့် အသက်ရှည်ရှည် နေသွားခဲ့ရသည်။

No comments: