Thursday, July 25, 2013

KIA တပ်ရင်း (၈) တပ်ပေါင်းစုနှင့် အစိုးရတပ် တိုက်ပွဲဖြစ်

KNG

ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄)နယ်မြေ မန်တုံမြို့နယ် ဘန်ကန်း (Bang Kang)နှင့် မန်ဆာ (Mansar) ကြားရှိ ဆိုင်းခေါ်ဘွမ်တွင် ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSA-N)၊ KIA ပြည်သူ့စစ်တပ်ဖွဲ့ (MHH)၊ KIA တပ်ရင်း (၈) တပ်ပေါင်းစုနှင့် အစိုးရတပ် ခြေမြန်တပ် ခမရ (၅၀၄) တို့ ယမန်နေ့ ၁ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

KIA တပ်ရင်း (၈) နယ်မြေသို့ အစိုးရတပ်ဘက်မှ အင်အား ၇၀ ကျော် လှုပ်ရှားလာခြင်းကြောင့် KIA ဘက်မှ စတင် ပစ်ခတ်တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်ဟု တပ်မဟာ (၄) မှ အမည်မဖော်လိုသူအရာရှိ တဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

“သူတို့ မုန်ဂျီ (Mungji) ဘက်ကနေ လာတာ။ မနေ့ည မိုးချုပ်တဲ့အထိပစ်ကြတယ်။ ဒီမနက် ကျွန်တော်တို့ပြန်သွားကြည့်တော့ အစိုးရတပ်က သူတို့ဦးထုပ်တွေ ပလပ်စတစ်တွေ ထားခဲ့ပြီးထွက်ပြေးသွားကြတယ်။ မိုးလဲအရမ်းရွာတယ်။ ကျွန်တော်တို့ ဘန်ကန်စခန်းဘက်ကို သူတို့လာခဲ့တဲ့အချိန်မှာ ပစ်လိုက်တာ အရင်တွေ့တော့လည်း အရင်ပစ်တာပေါ့။ အစိုးရဘက်က တော်တော်လေး ထိခိုက်ဒဏ်ရာရသွားတဲ့အခြေအနေရှိတယ်။”


အစိုးရဘက်မှ ယမန်နေ့ ညနေတိုက်ပွဲဖြစ်ပွားပြီးနောက် ယခုချိန် နောက်ဆုတ်ထားဆဲဖြစ်ကြောင်းသိရသည်။

ပြင်းထန်သည့် တိုက်ပွဲဖြစ်သည်ဟုဆိုသော်လည်း နှစ်ဖက်အကျအဆုံးကို မသိရပေ။ KIA နယ်မြေဘက်သို့ အစိုးရတပ်များ လှုပ်ရှားလာလျှင် ပစ်ခတ်ရန် နေရာယူထားကြောင်း သိရသည်။

No comments: