Tuesday, August 27, 2013

၂၀၀၈ မော်ဒယ်အထက် ကားတင်သွင်းနိုင်ရန် စည်းကမ်းချက်နှင့် ပြည်စုံသည့်ကုမ္ပဏီ အနည်းငယ်သာရှိ

သီဟကိုကို | အင်္ဂါနေ့၊ သြဂုတ်လ ၂၇ ရက် ၂၀၁၃

မြန်မာနိုင်ငံတွင် မော်တော်ကား တင်သွင်းရောင်းချသည့် ကုမ္ပဏီပေါင်း ၁၃၆ ခု ရှိသော်လည်း ကား ကုမ္ပဏီ အနည်းငယ်ကသာ ၂၀၀၈ အထက် မော်ဒယ်မော်တော်ကားများကို တင်သွင်းနိုင်ကြောင်း ကားတင်သွင်းသည့် လုပ်ငန်းရှင်များက ပြောသည်။

၂၀၀၈ အထက် မော်ဒယ် မော်တော်ကားများကို တင်သွင်းမည့် ကုမ္ပဏီများအနေဖြင့် မော်တော်ကား ၁၅၀ ကားအား တင်သွင်းခဲ့ပြီး ငွေအလုံးစုံချေပြီး ဖြစ်ရမည်ဖြစ်၍ ကားကုမ္ပဏီအများစုအနေဖြင့် ပြည့်မီရန် တင်သွင်းခဲ့ခြင်း မရှိသေးသောကြောင့် ဖြစ်ကြောင်းဆိုသည်။

၂၀၁၂ ခုနှစ်အတွင်းတွင် တရားဝင်မှတ်ပုံတင်ထားသော ကားကုမ္ပဏီ ၇၀ ၀န်းကျင်ခန့်သာ ရှိခဲ့သော်လည်း ၂၀၁၃ ခုနှစ်တွင်မူ ၁၃၀ ကျော်ထိ ရှိလာသည်။

သို့သော် ၀ယ်လိုအားထက် ရောင်းလိုအားများလျက်ရှိသော ကားဈေးကွက်အတွင်း အခြေအနေများကြောင့် ကားတင်သွင်းသူ အများစုသည် ကားတင်သွင်းခြင်းများကို ရပ်ဆိုင်းလာခဲ့ပြီး လက်ကျန် ကားများကိုသာရောင်းချလျက်ရှိသည်။ ယင်းအခြေအနေများကြောင့် ကား ၁၅၀ တင်သွင်းပြီးခြင်း မရှိသေးကြောင်း ကားလုပ်ငန်းရှင်များက ဆိုသည်။

Htoo Trading International Co.,Ltd ဒါရိုက်တာ ဦးဝင်းနိုင်က “ကုမ္ပဏီ ၁၃၀ ကျော်မှာ သတ်မှတ်ချက်တွေ နဲ့ ပြည်စုံတဲ့ ကုမ္ပဏီက အင်မတန်နည်းပါတယ်၊ ၁၅၀ကားစီးရေ တင်သွင်းခဲ့ပြီး ငွေချေပြီး ဖြစ်ရမှာဆိုတော့ ဒီလို တင်သွင်းနိုင်တဲ့ ကုမ္ပဏီက တော်တော်နည်းပါတယ်”ဟု ပြောသည်။

တရားဝင် ကုမ္ပဏီ ၁၃၆ ခု ရှိသော်လည်း ကားကုမ္ပဏီအများစုသည် ၂၀၁၃ ခုနှစ်အတွင်းတွင် ဖွင့်လှစ်သည့် ကားကုမ္ပဏီများစွာရှိရာ အဆိုပါ ၁၅၀ ကားစီးရေ ပြည့်မီရန် တင်သွင်းခဲ့ခြင်း မရှိသေးကြောင်း ကားလုပ်ငန်းရှင်များက ဆိုသည်။

Future Auto Car Sales Center မန်နေဂျင်းဒါရိုက်တာ ဦးဇေယျာစိုးက “၂၀၀၈ မော်ဒယ် တင်သွင်းနိုင်တဲ့ ကုမ္ပဏီက ၂၀ မကျော်ပါဘူး၊ ၂၀၁၃ ဘက်မှာ ဖွင့်တဲ့ကား ကုမ္ပဏီသစ်တွေကလဲ များနေတယ်လေ” ဟု ပြောသည်။

သို့သော် ကား ၁၅၀ စီးတင်သွင်းရောင်းချခဲ့ပြီး ငွေအပြည့်အ၀ မသွင်းရသေးသော ကုမ္ပဏီများအနေဖြင့် အပြည့်အ၀ သွင်းနိုင်ရန် ကြိုးစားလာမည်ဖြစ်ကြောင်း ကားလုပ်ငန်းရှင်များက ဆိုသည်။

ရောင်နီထွန်းကားကုမ္ပဏီ၊ မန်နေဂျာ ဦးဝင်းနိုင်က“၂၀၀၈ မော်ဒယ်ကို တင်သွင်းနိုင်ဖို့ကိုတော့ အားလုံးကတော့ ကြိုးစားကြမှာပဲ၊ စည်းကမ်းချက်နဲ့ ပြည့်မီအောင်လည်း ဆောင်ရွက်ကြမှာပါ” ဟု ပြောသည်။

၂၀၀၈ မော်ဒယ်အထက် တင်သွင်းခွင့် ပြုခြင်းကြောင့် ကားဈေးကွက်အတွင်း ဈေးနှုန်းအနည်းငယ် ကျသွားနိုင်သော်လည်း ကားဈေးနှုန်းများမှာ လက်ရှိတွင် အနိမ့်ဆုံး ပေါက်လျက်ရှိသောကြောင့် ပမာဏ အများအပြား ကျဆင်းသွားနိုင်ရန်မူမရှိကြောင်း ကားဈေးကွက်အတွင်းမှ သိရသည်။

No comments: