Wednesday, September 11, 2013

ရွာသူကြီးတစ်ဦးကို BGF ဖမ်းဆီးထိန်းသိမ်းထား

စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ထီးသဒေါ့ထာ့ကျေးရွာအုပ်စုရှိ တခေခိုကျေးရွာသူကြီးကို ပြီးခဲ့သည့် သြဂုတ်လ လယ်ပိုင်းက နယ်ခြားစောင့်တပ်(BGF) ၁၀၁၄ တပ်ရင်းမှ ဖမ်းဆီးခေါ်ဆောင်သွားကာ ယခု ရက်ပေါင်း ၂၀ကျော် အထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း ကရင်အမျိုးသား အစည်းရုံး(KNU)တပ်မဟာ(၅)က ပြောသည်။

၎င်းဒေသရှိ မယ်ပရီ အခြေစိုက် BGF တပ်ရင်း (၁၀၁၄)လက်အောက်ခံ တပ်ခွဲ(၂)မှ တပ်ခွဲမှူး ဖားသာ့ဘဲက တပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူး မောင်ချစ်၏ ညွှန်ကြားချက်ဖြင့် သြဂုတ်လ ၁၉ရက်နေ့တွင် တခေခိုရွာသူကြီး စောဖားကာလီဆိုသူအား KNU ၏ သူလျှိုလုပ်ပေးသူဟု စွပ်စွဲကာ သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု KNU တပ်မဟာ(၅)တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၎င်းက “၀ဲကြီးမှာ ပစ်ခတ်မှု ဖြစ်ပွားတာနဲ့ပတ်သက်ပြီး ရွာသူကြီးကို အမြင်မကြည်လို့ BGF က ဖမ်းဆီးခေါ် ဆောင်သွားတာပါ။ KNU အတွက် သူလျှိုလုပ်ပေးသူလို့ BGF က သူ့ကို ထင်တယ်။ အခုထိ ပြန်မလွှတ်သေး ဘူး။ အခု သူမိသားစုတွေလည်း တော်တော်စိုးရိမ်နေကြတယ်”ဟု ပြောသည်။

BGF က လက်ရှိ ဖမ်းဆီးခံရသူ ရွာသူကြီးကို အမျိုးမျိုးခြိမ်းခြောက်ပြီး ဒဏ်ငွေအဖြစ် ကျပ်ငွေ (၁)သိန်း ပေး ဆောင်ခိုင်းခဲ့သလို လက်နက်တပ်ဆင်၍ ၎င်းတို့ တပ်ဖွဲ့များသွားလာလှုပ်ရှားရာသို့ ခေါ်ဆောင်သွားမှုများရှိသည် ဟု ၎င်းက ဆက်ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ဘီဂျီအက်ဖ်ကို ဆက်သွယ်၍ မရသော်လည်း မြိုင်ကြီးငူဒေသအခြေစိုက် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ)မှ တပ်မှူးတစ်ဦးက“တခီခို့ ရွာသူကြီးကို ဖမ်းဆီးခေါ် ဆောင်သွားတာကတော့ ကြားတယ်။ ခေါ်ဆောင်သွားရတဲ့ ကိစ္စကိုတော့ အတိအကျ မသိဘူး။ အခု ပြန်လွှတ် လား မလွှတ်သေးဘူးလား ဆိုတာ ကျနော်တို့ မသိရသေးဘူး” ဟု ပြောသည်။

ထို့အပြင် သြဂုတ်လ ၂၁ရက်နေ့တွင်လည်း အဆိုပါ BGF တပ်ရင်း ၁၀၁၄မှ တပ်ခွဲ(၂)တပ်ခွဲမှူး ဖားသာ့ဘဲသည် ၎င်းဒေသအတွင်းရှိ ခေါ့ထီးထာ့ကျေးရွာသို့ ၀င်ရောက်ခဲ့ပြီး ရွာသားနှစ်ဦး၏ ကြက်ကို တောင်းစား၍ မရသဖြင့် ကြက်ပိုင်ရှင်တို့နှစ်ဦးကို သေနတ်ပြောင်းဖြင့် ထောက်ပြီး ကြက်များကို ပစ်သတ်သွားခဲ့သေးသည်ဟု ဆိုသည်။

တပြိုင်နက်တည်းတွင် BGF(၁၀၁၄)တပ်ရင်းမှူး ဗိုလ်မှူးမောင်ချစ်သည် တခေခိုနှင့် တလာအော်ခိုနေရာတို့တွင် ပိုမိုလှုပ်ရှားရန်ဆိုပြီး သြဂုတ်လ ၁၈ရက်နေ့က ဖားသာဒူး ဦးစီး BGF တပ်စိပ်တစိပ်ကို စေလွှတ်ခဲ့သလို တပ်ခွဲ (၁)မှ တပ်ခွဲမှူး မောင်ကြီးဦးစီးအဖွဲ့ကိုလည်း ဗိုလ်မျိုးလှိုင် ဦးစီသော အစိုးရစစ်တပ် ခြေမြန်တပ်ရင်း ခမရ (၃၅၈)တို့နှင့် ပူးပေါင်း၍ လယ့်ကွဲဂွင်၌ ၀င်ရောက်လှုပ်ရှားခဲ့လျှက်ရှိသည်ဟု သိရသည်။


ထိုသို့ လှုပ်ရှားရာတွင် ရွာသားများ၏ နေအိမ်ထဲသို့ တက်ရောက်ရှာဖွေ မွှေနှောက်မှုများ ပြုလုပ်ကာ မင်္သကာ ဖွယ်ရာ ပစ္စည်းတစုံတရာ တွေ့ရှိပါက အိမ်ထဲရှိသူများကို ခြိမ်းခြောက်မှုများရှိခဲ့ကြောင်း KNU တပ်မဟာ(၅)က ပြောသည်။

BGF တပ်ရင်းများဖြစ်ကြသည့် ၁၀၁၄တပ်ရင်းနှင့် ၁၀၁၃တပ်ရင်းတို့သည် ထီးသဒေါ့ထာ့အုပ်စုအတွင်း နယ်မြေ စိုးမိုးရေးအတွက် တပ်အင်းအားတိုးချဲ့လာမှုနှင့် ပိုမိုလှုပ်ရှားလာမှုများကြောင့် သြဂုတ်လ ၁၆ရက်နေ့တွင် KNU တပ်မဟာ(၅)လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး BGFဘက်မှ ၁ဦးသေ၊ ၂ဦး ထိခိုက် ဒဏ်ရာရရှိခဲ့မှုများ ရှိခဲ့သည်။

No comments: