Monday, September 9, 2013

မြန်မာ့ပင်လယ်ပြင်တွင် နိုင်ငံခြားသား ငါးဖမ်းဆီးခွင့်မပြုရေး ဆောင်ရွက်ရန် လိုအပ်ပါက လွှတ်တော်အကူအညီပေးမည်ဟု သူရဦးရွှေမန်းဆို

ထင်လင်းအောင် | တနင်္လာနေ့၊ စက်တင်ဘာလ ၀၉ ရက် ၂၀၁၃

မြန်မာ့ပင်လယ်ပြင်အတွင်း နိုင်ငံခြားသားငါးဖမ်းစက်လှေများကို တရားဝင်ဖမ်းဆီးခွင့် Fishing Right အား သက်တမ်း တိုး ဆောင်ရွက်ခြင်းမပြုရန် ပြည်တွင်းငါးဖမ်းလုပ်ငန်းရှင်များ၏ တောင်းဆိုချက်အား မွေး/ရေနှင့် ကျေးလက်ဝန်ကြီး ဌာန ဆောင်ရွက်ပေးနိုင်ရန် ပြောခဲ့ပြီးဖော်ဆောင်ရာတွင် အခက်အခဲရှိပါက လွှတ်တော်က ကူညီပေးမည်ဟုပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောသည်။

Fishing Right အား သက်တမ်းတိုးပေးရန် မွေး/ရေ နှင့်ကျေးလက်ဝန်ကြီးဌာနက ပြည်တွင်းလုပ်ငန်းရှင်များ၏ သဘောတူညီမှု တောင်းခံထားရာ လုပ်ငန်းရှင်များက စက်တင်ဘာလ ၈ တွင် ကျင်းပသည့် “စီးပွားရေး လုပ်ငန်းရှင် များနှင့် ပြည်ထောင်စုလွှတ်တော်နာယကတို့တွေ့ဆုံပွဲ”တွင် သက်တိုးခြင်းမပြုရန် တောင်းဆိုခဲ့သဖြင့် ဆောင်ရွက်ပေးနိုင်ရန် လုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက “ ၀န်ကြီးဌာနဘက်ကော၊ လုပ်ငန်းရှင်တွေ ဘက်ကော ပြောဆိုမှု အရ နိုင်ငံခြားသား ငါးဖမ်းခွင့်ကဆက်မပေးသင့်တော့ဘူးလို့ မြင်ပါတယ်။ ဒါကြောင့် ဆက်မပေးဖို့အတွက် အကောင်အထည် ဖော်သင့်ပါတယ်။ လိုအပ်လာခဲ့မယ်ဆိုရင် လွှတ်တော်က အကူအညီပေး ပါ့မယ်။ ၀န်ကြီးဌာန အဆင့်နဲ့ပဲ ပြီးသွားမယ်ဆိုရင်လည်း ပြီးသွားတာပေါ့”ဟု လုပ်ငန်းရှင်များအား ထုတ်ဖော် ပြောဆိုလိုက်ခြင်းဖြစ်သည်။

မွေး/ရေ နှင့်ကျေးလက်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်မောင်အေးက“အခုသဘောမတူကြောင်း သဘောထား မှတ်ချက်ပြုတဲ့အတွက် လုပ်သင့်တာကို ဆောင်ရွက်သွားဖို့ တင်ပြသွားမှာဖြစ်ပါတယ်”ဟု လုပ်ငန်းရှင်များအားပြန်လည်ဖြေကြားသည် ။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားငါးဖမ်းစက်လှေများအား တရားဝင်စာချုပ်ချုပ်ဆိုမှုဖြင့် ၂၀၀၄ ခုနှစ်မှ စတင် ခွင့်ပြု ထားခဲ့ခြင်း ဖြစ်ကာ ၂၀၁၄ ခုနှစ် မတ်လတွင် စာချုပ်သက်တမ်း ပြည့်တော့မည်ဖြစ်သည်။

ထို့အတွက် စာချုပ်သက်တမ်းတိုးဆောင်ရွက်ရန်အတွက် ထိုင်းနိုင်ငံမှရေလုပ်ငန်းဝန်ကြီးဌာနမှ တောင်းဆို ထားခြင်းဖြစ်သည်။

ထိုသို့ ခွင့်မပြုရေး လုပ်ဆောင်စေရန် လုပ်ဆောင်ရာတွင်လည်း နိုင်ငံခြားသား ငါးဖမ်းဆီးခွင့်ပြုရာတွင် ရရှိသောနိုင်ငံတော်ဘဏ္ဍာငွေတစ်နှစ်လျှင် ကန်ဒေါ်လာ ၁၂ သန်းအား လျှော့ကျမသွားစေရေး ဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း ယင်းက ပြောသည်။

နိုင်ငံခြား ငါးဖမ်းစက်လှေများအား ငါးဖမ်းဆီးခွင့်ပေးခြင်းသည် ပြည်တွင်းမှ ငါးပို့ကုန်ဆောင်ရွက်မှု မပြုသည့်အတွက် ပို့ကုန်အခွန်မရရှိခြင်း၊ ဖမ်းဆီးရမိသည့် ကိန်းဂဏန်း အမှန်ကိုမရရှိနိုင်ခြင်း၊ ပြည်တွင်း ကုန်စည်စီးဆင်းမှုနှင့် ပြည်တွင်း စားသုံးမှုအတွက်အခက်အခဲဖြစ်နိုင်ခြင်း၊ အအေးခန်းစက်ရုံများ အတွက် ကုန်ကြမ်းမရရှိနိုင်သည့် အခက်အခဲများ ရှိခြင်းကြောင့် လုပ်ကိုင်ခွင့်မပြုရန်အတွက် တောင်းဆိုကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးအောင်သန်းဦးက “ နိုင်ငံခြားသား ငါးဖမ်းလှေတွေက တရားဝင်ငါးဖမ်းဆီးခွင့်ပြုထားတာကိုအကြောင်းပြုပြီး မှတ်ပုံတင်ထားတဲ့ လှေတွေနဲ့ အမည်တူ၊ စက်လှေဆေး အရောင်တူ၊ နံပါတ်တူ စက်လှေတွေပွားပြီး ၀င်ရောက်ဖမ်းနေကြတာ တွေရှိပါတယ်။ တရားမ၀င် လုပ်ဆောင်တဲ့ ပြစ်မှုပေါင်း ၁၀၀ ကျော်ကို ကြည့်ခြင်းအားဖြင့်လည်း ဒါကို ခွင့်မပြုသင့်တော့ပါဘူး”ဟု ယင်တွေ့ဆုံပွဲ တွင် တင်ပြခဲ့သည်။

လက်ရှိအချိန်တွင် ထိုင်းနိုင်ငံအနေဖြင့် ထိုင်းရေပိုင်နက်အတွင်း ငါးသယံဇာတပြုန်းတီးမှုများရှိနေခြင်းကြောင့် အိနိ္ဒယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများတွင် မကြာခဏ တရားမ၀င် ငါးဝင်ရောက်ဖမ်းဆီးမှုများ ရှိနေကြောင်း ဦးအောင်သန်းဦး ကပြောသည်။

No comments: