Wednesday, September 4, 2013

စံခလ တံတား ပြန်လည် ပြင်ဆင်ရန် ထိုင်းအစိုးရမှ ဘတ်ငွေ (၅) သန်း ထောက်ပံ့

ရွှေဟင်္သာ

ရေကြီး မှုကြောင့် အလည် တည့်တည့် ခန့်မှ ကျိုးကျ ပျက်ဆီး သွားသည့် စံခလ ပူရီ မြို့ရှိ ထိုင်းနိုင်ငံ၏ အရှည်ဆုံး သစ်သား တံတားအား ပြန်လည် ပြင်ဆင် နိုင်ရန် အတွက် ထိုင်းအစိုးရ “ထီ” ရုံးမှ (မြန်မာ့ အောင်ဘာလေ ထီနှင့် အလားတူ) မှ ထိုင်းဘတ်ငွေ (၅) သန်း ပေးအပ် လှူဒါန်း ခဲ့ကြောင်း ၄င်းအခမ်း အနားကို တက်ရောက် ခဲ့သူ တစ်ဦးမှ ပြောသည်။

“Government Lottery Office က နေလာလှူ တာပါ ၊ တံတား ပြန်လည် ပြင်ဆင်ဖို့ အတွက် လှူတာပါ” ဟု ၄င်းအခမ်း အနားအား တက်ရောက် ခဲ့သည့် နိုင်စွန်းထွန်မှ ပြောသည်။

၎င်းအလှူငွေ ပေးအပ်ပွဲ အခမ်း အနားကို ယနေ့ စက်တင်ဘာလ (၃) ရက်နေ့ နံနက် (၁၀) နာရီ ခန့်တွင် တံတားကျိုး ပေါ်၌ပင် ကျင်းပ ခဲ့ပြီး ထိုင်းအစိုးရ ထီရုံးမှ ဒါရိုက်တာနှင့် အဖွဲ့ လာရောက် အလှူငွေ ပေးအပ် ခဲ့သည်။

ထိုတံတား ပြန်လည် ပြင်ဆင်ရန် အတွက် အလှူငွေကို ကန်ချနပူရီ ခရိုင်ဝန်မှ တဆင့် လွှဲပြောင်း ယူလာထား လာမည့် ပွင့်လင်း ရာသီ ရေခမ်း ချိန်၌ တံတား ပြန်လည် ပြင်ဆင်ရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်သည်။

ထိုမတိုင်ခင် လိုအပ်သည့် ကွင်းဆင်း မှုများ လေ့လာ တိုင်းတာ နိုင်ရန် အတွက် ဆောက်လုပ်ရေး အင်ဂျင်နီယာ အဖွဲ့အား ဦးစွာ စေလွှတ်ရန် ရှိကြောင်းလည်း ဆိုပါသည်။

ယခု ကဲ့သို့ အစိုးရမှ ပြန်လည် ပြင်ဆင် ပေးမည့် အစီအစဉ်ကို ဝင်းက ကျောင်းထိုင် ဆရာတော်မှလည်း သဘောတူ ခဲ့ကာ ယနေ့ အလှူငွေ ပေးအပ် ပွဲကိုလည်း ၄င်းကိုယ်တိုင် တက်ရောက် ခဲ့ပါသည်။


ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်နေ့တွင် သုံးရက် ဆက်တိုက် နေ့ည မပြတ် မိုးသည်းထန်စွာ ရွာသွန်းရာမှ စံခလယ် ချောင်းဖျားမှ အမှိုက်နှင့် ဒိုက်များ ရေစီးအားနှင့် အတူမျောပါပြီး တံတား တိုင်ကို ဖိတိုက် ရာမှ တိုင်များ ယိုင်နဲ့ကာ ညနေ ၆ နာရီဝန်းကျင်တွင် တံတား၏ အမြင့်ဆုံး နေရာတွင် မီတာ ၅၀ကျော် ကျိုးပျက် သွားခြင်း ဖြစ်သည်။

တံတား ကျိုးပျက် သွားပြီးနောက် ဒေသခံ ပြည်သူများ သွားလာရေး အဆင်ပြေ စေရန် ၄င်း သစ်သား တံတားနှင့် အပြိုင် ဝါးတံတား တစ်ခုအား ပြီးခဲ့သည့် သြဂုတ်လ (၁၇) ရက်နေ့က စတင် ဆောက်လုပ် ခဲ့ကာ (၂၂) ရက်နေ့ခန့်တွင် ပြီးစီး ခဲ့သည်။ လက်ရှိ၌ သစ်သား တံတား အစား ဒေသခံ များမှ ဝါးတံတားအား အသုံးပြု သွားလာ နေကြသည်။

၁၉၈၄ ခုနှစ်တွင် စံခလယ် ချောင်းကို ဖြတ်ကာ ဝင်းက မွန်ရွာနှင့် စံခလပူရီ မြို့ကိုဆက်သွယ် ဆောက်လုပ် ထားသည့် တံတားသည် အရှည် ၄၄၅ ဒသမ ၅ မီတာ၊ အနံ ၄ဒသမ ၅ မီတာနှင့် တံတား အမြင့်ဆုံး နေရာတွင် ၃၅ မီတာ ရှိကြောင်းတံတား မှတ်တမ်း အရ သိရသည်။

ထိုတံတားသည် စံခလ ပူရီ မြို့၏ သင်္ကေတ အမှတ်အသား တစ်ခု ဖြစ်သကဲ့သို့ ၊ မွန်လူမျိုး တို့၏ ညီညွတ်မှု ပြယုဂ်ဖြင့် တည်ဆောက် ထားသည့် တံတား တစ်စင်းလည်း ဖြစ်သည်။

စံခလ ပူရီမြို့သည် ထိုင်းနိုင်ငံ၏ အရှည်ဆုံး သစ်သား တံတားနှင့် အိန္ဒိယ နိုင်ငံရှိ ဗုဒ္ဓဂါယာ ပုံတူ စေတီတော်ကြောင့် ကမ္ဘာလှည့် ခရီးသည် များအပြင် ထိုင်းပြည်တွင်း ခရီးသွား များ အတွက်ပါ ထင်ရှားသည့် မြို့ ဖြစ်သည်။


နွေရာသီ ကာလများ၌ ရက်သတ္တပတ်လျှင် ပျမ်းမျှ ခရီးသွားဧည့်သည် ၃ ထောင်ခန့်လာရောက် လည်ပတ် ကြပြီး ညနေစောင်းတွင် တံတားပေါ် လေညင်းခံ ထွက်သူ များဖြင့်လည်းစည်ကားသည်။

၎င်းတံတားအား ထိုင်းလူမျိုး များက မြန်မာ နိုင်ငံမှ ဦးပိန် တံတားနှင့် ယှဉ်၍ ဒုတိယ ဦးပိန် တံတားဟု တင်စား ခေါ်ဝေါ် ကြလျက် ရှိသည်။

No comments: