Wednesday, September 11, 2013

သျှမ်း/အရှေ့ ဂိတ်များတွင် ခရီးသွားများထံမှ စ သုံးလုံးနှင့်ရဲများ ငွေတောင်းနေဆဲ

သျှမ်းသံတော်ဆင့်

သျှမ်းပြည်အရှေ့ပိုင်းတာချီလိတ်မြို့အထွက် မိုင်းဖုန်းအုပ်စုအသွားလမ်းရှိ ပါခုတ် ဂိတ်ရှိ စသံးလုံးနှင့် ရဲများသည် ဒေသတွင်းခရီးသွားလာနေသူများအား အတင်းအကျပ်စစ်ဆေးကာ ငွေတောင်းယူခြင်းများပြုလုပ်နေသည်ဟု တာချီလိတ်မြို့ခံများကဆိုပါသည်။

“ မိုင်းဖုန်းကို အလည်သက်သက် အသွား ကျနော်တို့ အဖွဲ့ ၅ ယောက် စစ်ဆေးခံရတယ်။ ၉ ရက်နေ့တုန်းကပေါ့ ။ အကျီအိပ်ကပ်ဘောင်းဘီအိပ်ကပ် အကုန်ရှာတယ်။ ခြေထောက်တွေ ပေါင်ကြားတွေမှာမချန်ဘူး။ ကျနော်တို့အဖွဲ့ ယောက်ကျားလေးတွေမို့လိုတော်သေးတယ်။ မိန်းခလေးတွေဆို ဘယ်လိုလုပ်မလဲ” ဟု တာချီလိတ်မြို့ခံ စိုင်းဆိုင်က ပြောသည်။

ကားသမားများအားလည်း ကားပေါ်မှဆင်းခိုင်းပြီး ကားအတွင်း၌ စိတ်ကြိုက်မွှေနှောက်ရှာဖွေခြင်းလည်းရှိကြောင်း၊ ခရီးသည်များ ဗမာစကား မကျွမ်းကျင်ပါက ဒဏ်ငွေ ဘတ် ၃ ထောင်မှ ဘတ် ၅ ထောင်အထိ ရိုက်ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် စိုင်းဆိုင်က ပြောသည်။

“ သူတို့က ဆေး ဖမ်းမိတယ်လို့ပြောတယ်။ မကြာသေးခင်ကပေါ့။ အဲတာကြောင့် အခုလို အစစ်အဆေးထူတာ လို့ အဲဒီဂိတ်က တာဝန်ကျရဲတွေကပြောတာ။ ရှင်းရှင်းပြောရင် ခုမှ ဖမ်းဆီးရမိခါစ ဘယ်သူက ထပ်သယ်ရဲမှာလဲ။ သူတို့ အကြောင်းပြချက်ဘဲပေါ့။ ပိုက်ဆံတောင်းလို့မပေးရင်လဲ ခြိမ်းခြောက်တယ်။ ခရီးသယ်တွေ အခက်တွေ့နေရတာ။ ” ဟု ဆိုပါသည်။

အဆိုပါ ဂိတ်ကျော်လွန်ပါက ဂိတ်သေးတခု ထပ်မံချထားကာ ဖြတ်သန်းသွားလာသော ဆိုင်ကယ်များ ကားများထံမှ ဘတ် ၁၀- ၂၀ တောင်းယူကာ လမ်းပြင်ရန်အတွက်ဟုပြောဆိုကြောင်း၊ အဆိုပါဂိတ်ချထားသည်မှာ ကြာပြီဖြစ် သော်လည်း ယနေ့တိုင်လမ်းပြုပြင်ပေးခြင်းမရှိကြောင်း ချိုင့်ခွက်များ ပေါများနေသေးကြောင်း စိုင်းဆိုင်နှင့်အဖွဲ့က ဆက်လက်ပြောပြသည်။

အဆိုပါဂိတ်ရှိရာ ပါခုတ်ရွာသည် တာချီလိတ် အရှေ့ဘက် မိုင်းဖုန်းအုပ်စုအတွင်းရှိ ဟွေ့လင်လမ် ရွာအရှေ့ဘက် ၂ မိုင်ခန့်အကွာတွင်တည်ရှိပါသည်။

No comments: