Monday, September 23, 2013

မိုဘိုင်းဖုန်းလိုင်း လေးသန်းတိုးချဲ့ တပ်ဆင်သွားမည့် စီမံကိန်းများ စတင်အကောင်အထည်ဖော်နေ

ချိုကို

၂၀၁၄ ခုနှစ်အတွင်း မိုဘိုင်းဖုန်းလိုင်း လေးသန်းအထိ ထပ်မံတိုးချဲ့တပ်ဆင်သွားမည်ဟု ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်ထားပြီး အဆိုပါ ဖုန်းလိုင်းလေးသန်း စီမံကိန်းကို စတင်အကောင်အထည် ဖော်ဆောင်ရွက်နေပြီဟုမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာတစ်ဦးက ပြောသည်။

၎င်းက “တစ်နှစ်အတွင်း မိုဘိုင်းဖုန်း လိုင်းလေးသန်းတိုးချဲ့တပ်ဆင်မယ့် စီမံကိန်းကို စတင်လုပ်ဆောင်နေပါပြီ။ ဖုန်းလိုင်းတွေမှာ အင်တာနက် အသုံးပြုချင်ရင် အသုံးပြုနိုင်အောင် Ration အလိုက် အင်တာနက် အသုံးပြုနိုင်အောင် လုပ်ပေးထားပါတယ်”ဟု ပြောသည်။

အဆိုပါ ဖုန်းလိုင်းလေးသိန်းတိုးချဲ့ရေးစီမံကိန်းတွင် ဖုန်းလိုင်းသုံးသန်းကို Huawei ကုမ္ပဏီ၏ စက်ပစ္စည်းများဖြင့် တပ်ဆင်အသုံးပြုသွားမည်ဟုလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မော် က ပြောကြားထားခဲ့ဖူးသည်။

ထို့ပြင် ရန်ကုန်တွင် လိုင်းအင်အား ခြောက်သိန်း၊ နေပြည်တော်တွင် တစ်သိန်း ခြောက်သောင်း နှင့် မန္တလေးတွင်နှစ်သိန်းခွဲ စုစုပေါင်းလိုင်းအင်အား တစ်သန်းကိုလည်း သီးသန့်တိုးချဲ့တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်းလိုင်းအင်အား ၅ ဒသမ ၂ သန်းကျော် ချထားပေးလျှက် ရှိသည်။ နိုင်ငံ၏ အိမ်ထောင်စု စာရင်းမှာ ၈ ဒသမ ၇ သန်းရှိသည့်အတွက် အိမ်ထောင် စုတစ်စုလျှင် ဖုန်းတစ်လုံး ကိုင်ဆောင်နိုင်ခြင်း မရှိသေးသည့် အနေအထားဖြစ်နေသည်။

ထို့ကြောင့် လိုင်းအင်အားတိုးချဲ့ခြင်း လုပ်ငန်းများနှင့် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများကို နိုင်ငံတကာအော်ပရေတာများနှင့် အပြိုင်လုပ်ကိုင်ရန် ပြင်ဆင်လျက်ရှိပြီး ပြည်တွင်းပြည်ပအော်ပရေတာ လေးခုက စုပေါင်းလုပ်ကိုင်ကြမည်ဖြစ်သည်။ ယင်း အော်ပရေတာများကို လုပ်ငန်းစတင်လုပ်ကိုင်နိုင်ရန် အတွက်လည်း ဆက်သွယ်ရေး နည်းဥပဒေထွက်ပေါ်လာသည့်အချိန်တွင် လိုင်စင်စတင်ချထားပေးတော့မည်ဟု ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ပြောကြားထားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းလိုင်းအင်အားတိုးချဲ့ခြင်း စီမံကိန်းအနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် မိုဘိုင်းလိုင်း အင်အားလေးသန်း ၊ ၂၀၁၄-၂၀၁၅တွင် မိုဘိုင်းလိုင်းအင်အား ငါးသန်းနှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် လည်း မိုဘိုင်းလိုင်းအင်အား ငါးသန်းတိုးချဲ့ရန် စီစဉ်ထားကြောင်း ဆက်သွယ်ရေးလုပ်ငန်းမှ ဆိုသည်။

No comments: