Tuesday, September 10, 2013

အစိုးရနှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ လေးကြိမ်မြောက်ဆွေးနွေးမှု သဘောတူညီမှုမရ

ဖနိဒါ | အင်္ဂါနေ့၊ စက်တင်ဘာလ ၁၀ ရက် ၂၀၁၃

အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီနှင့် ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် စက်တင်ဘာ ၉ ရက်က လေးကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ရာ သဘောတူညီမှု တစ်စုံတရာ မရခဲ့ကြောင်းနှစ်ဖက်ကိုယ်စားလှယ်များက ပြောသည်။

ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့နှင့် ALP မှ ဒု-ဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင် ဦးဆောင်သော ကိုယ်စားလှယ်များသည် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးအတွက် ၂၅ မိနစ်ခန့်ကြာ အကြိုဆွေးနွေးညှိနှိုင်းခဲ့ခြင်းဖြစ်သည်။

“ဒီနေ့တွေ့ဆုံဆွေးနွေးတာက ဘာမှမရဘူး။ ကျွန်တော်တို့က သုံးကြိမ်စလုံးမှာတွေ့ဆုံတဲ့အခါ တောင်းဆိုချက်တွေ ကို ကျွန်တော်တို့တင်ပြခဲ့တယ်။ အဲဒါကို သူတို့အကြောင်းပြတာက ရခိုင်ပြည် တည်ငြိမ်အေးချမ်းအောင် စောင့်ပါ ဆိုပြီးတော့ ပြောတယ်” ဟု ALP မှ ဒု-ဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင်ကပြောသည်။

အစိုးရနှင့် ALP တို့ ယခင်သုံးကြိမ်တွေ့ဆုံစဉ်က ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲပြုလုပ်ရန်၊ တပ်နေရာချထားရေး၊ ဆက်သွယ်ရေးရုံးများ တိုးမြင့်ဖွင့်လှစ်ရေး၊ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန် ဆွေးနွေးခဲ့ရာ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းသည့် အထိစောင့်ရန် အစိုးရကိုယ်စားလှယ်များကပြောဆိုခဲ့သည်ဟုလည်းဆိုသည်။

ယခုဆွေးနွေးပွဲတွင် ALP နှင့် သဘောတူညီမှု မရသော်လည်း ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမတိုင်ခင်ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မတီ၏ နည်းပညာ အထောက်အကူပြုအဖွဲ့နှင့် ဆွေးနွေး သွားမည်ဖြစ်ကြောင်းမြန်မာငြိမ်းချမ်းရေးစင်တာမှ အကြံပေးဦးလှမောင်ရွှေက မဇ္ဈိမကိုပြောသည်။

“ALP ကအဓိက ပြည်ထောင်စုအဆင့် ဆွေးနွေးဖို့ကို ဆွေးနွေးပွဲလုပ်ဖို့ သူတို့ဘက်ကရှင်းပြပါတယ်။ ၀န်ကြီး ဦးအောင်မင်း ဘက်ကတော့ ပြည်ထောင်စုအဆင့် ဆွေးနွေးဖို့မတိုင်ခင် ကျွန်တော်တို့ နည်းပညာ အထောက်အကူပြု အဖွဲ့နဲ့ အရင်ဆွေးနွေးဖို့ပြောပါတယ်” ဟု သူကမဇ္ဈိမကိုပြောသည်။

ALP နှင့် အစိုးရ၏ ငြိမ်းချမ်းရေးအဖွဲ့တို့သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ဧပြီက ဆွေးနွေးခဲ့စဉ်က ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ခဲ့သည်။ ထို့နောက် ၂၀၁၂ ခုနှစ် ဇွန်လတွင် တစ်ကြိမ်၊ နိုဝင်ဘာလတွင် တစ်ကြိမ် ဆက်လက်ဆွေးနွေးခဲ့သည်။

No comments: