Saturday, September 14, 2013

ကျောင်းသားအခွင့်အရေး စံနှုန်းများပေါ်ပေါက်လာစေရန် ဗကသများအဖွဲ့ချုပ်ဆွေးနွေးမည်

နန်းလွင်နှင်းပွင့်

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းသားထု၏ အခွင့်အရေးပိုင်းဆိုင်ရာ စံနှုန်းသတ်မှတ်ချက်များ ပေါ်ပေါက် လာစေရန် လူ့အခွင့်အရေး၊ ပညာရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ကျောင်းသားထုနှင့် ဗသကအဖွဲ့ချုပ်မှ ဦးစီးကာဆွေးနွေးမည်ဟု ကျောင်းသားထု အခွင့်အရေးကာကွယ်ရေး ကော်မတီ၊ ဗသကများ အဖွဲ့ချုပ်မှ ဗဟိုလုပ်ငန်းကော်မတီ ဒု-ဥက္ကဌ ကိုလင်းထက်နိုင်က မဇိ္ဈမသို့ပြောသည်။

ဆွေးနွေးပွဲအား ကျောင်းသားထုအခွင့် အရေးစံနှုန်းသတ်မှတ်ချက်များဟူသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးရန် စီစဉ်ထားပြီး (တက္ကသိုလ်ကျောင်းများ ပိတ်နေသည့်ကာလ) ယခုနှစ် ဒီဇင်ဘာလ ပိုင်းမတိုင်မှီတွင် အကောင်အထည်ဖော်နိုင်ရန် လုပ်ငန်းကော်မတီများ၊ ဖွဲ့ရန် ပြုလုပ်သွားမည်ဖြစ်သည်။

“ကျွန်တော်တို့နိုင်ငံမှာက ကျောင်းသားထု အခွင့်အရေးနဲ့ပတ်သတ်ရင် ဘာလဲဆိုတာပြဖို့မရှိဘူး၊ တကယ်လည်း မရှိဘူး၊ အဲ့ဒါကြောင့် ကျွန်တော်တို့ အဖွဲ့တွေအနေနဲ့က ကျောင်းသားတွေရဲ့ အခွင့်အရေးတွေ ရှိလာအောင်၊ သတ်မှတ်ချက်စံနှုန်းလေးတွေ ရှိလာအောင် ဆွေးနွေးပွဲလုပ်ရင်း အကောင်အထည် ဖော်မှာပါ”ဟု ကိုလင်းထက်နိုင်က ရှင်းပြသည်။

အလုပ်ရုံဆွေးနွေးပွဲ မတိုင်မီတွင် လုပ်ငန်းအား အကောင်အထည်ဖော်နိုင်ရန် လုပ်ငန်းကော်မတီ တစ်ခု ဖွဲ့စည်းသွား ရန် စီစဉ် နေပြီး၊ လုပ်ငန်းကော်မတီဖွဲ့စည်းရာတွင် ဗကသတစ်ဖွဲ့တည်း လုပ်ဆောင်သွားမည်မဟုတ်ဘဲ လူမှုအခြေပြု အဖွဲ့စည်းများ၊ လူ့အခွင့်အရေးဆိုင်ရာ အခြေပြု လုပ်ဆောင်နေသည့် အဖွဲ့အစည်းများ၊ တစ်နိုင်ငံလုံးရှိကျောင်းသားထုများအား ကိုယ်စားပြုနိုင်သည့် အဖွဲ့အစည်းများနှင့် ကျောင်းသားထုများအား ဖိတ်ခေါ်ကာ ပူးပေါင်းဆောင်ရွက် ဆွေးနွေးရန် ပြင်ဆင်နေသည်ဟု ဗကသ အဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုက မဇိ္ဈမကို ပြောသည်။

အလုပ်ရုံဆွေးနွေးပွဲ ဖြစ်မြောက်စေရန် အခြားပူးပေါင်းလုပ်ဆောင်မည့် အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆွေးနွေးမှုများပြုလုပ်ကာ တက္ကသိုလ်ကျောင်းသားများ ကျောင်းပိတ်ထားသည့် ဒီဇင်ဘာလ မတိုင်မီလများတွင် လုပ်ငန်းကော်မတီ အား အပြီးသတ်ရွေးချယ် သွားမည်ဖြစ်သည်။

ကျောင်းသားများ အခွင့်အရေးသတ်မှတ် ချက်များနှင့် ပတ်သတ်သည့် အလုပ်ရုံဆွေး နွေးပွဲ ပြင်ဆင်နေခြင်းနှင့် ပတ်သတ်၍ ကိုကျော်ကိုက “ဘယ်အရာတွေက အခွင့်အရေးတွေဆိုတာ တိတိကျကျ ထွက်ရှိတာ၊ ဘယ်နေရာတွေမှာ ဘယ်လိုပူးပေါင်း ဆောင် ရွက်ကြမယ်ဆို တာက အခုထိတော့ သေချာ မပြတ်သား သေးဘူး။” ဟုဆိုသည်။


ကျောင်းသားထု အခွင့်အရေးစံနှုန်း

သတ်မှတ်ခြင်းဟူသည့် ခေါင်းစဉ်ဖြင့် ဆွေး နွေးသွားရန် ယာယီစီစဉ်ထားပြီး လုပ်ငန်းကော်မတီတွင် ပါဝင်နိုင်ရန်ကျောင်းသားထုများ၊ စာပေယဉ်ကျေးမှုအသင်းများ၊ စာပေယဉ်ကျေးမှုမှ ပညာရှင်များ၊ လူ့အခွင့်အရေးပိုင်းဆိုင်ရာ လုပ်ဆောင်နေသည့် သင်းအဖွဲ့များ၊ ပညာရှင်များ၊ တက္ကသိုလ်ကျောင်းများနှင့် ပတ်သက်၍ ကျွမ်းကျင်သူများအား ဖိတ်ခေါ်ထားပြီး ကျင်းပရေးကော်မတီဖွဲ့ရန် ပြင်ဆင်နေသည်ဟု ကိုလင်းထက်နိုင်က ပြောသည်။

ဆွေးနွေးပွဲထွက် ရလာဒ်များအား အစိုးရ ပိုင်းဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးမဟုတ်သည့် အဖွဲ့အစည်းများ၊ သာမကနိုင်ငံတကာ တက္ကသိုလ်များမှ ကျောင်းသားတို့ရရှိသည့် အခွင့်အရေးများနှင့် နီးစပ်စေနိုင်ရန် နိုင်ငံတကာရှိ တက္ကသိုလ် ကျောင်းများသို့လည်း ပေးပို့သွားမည်ဟု ဗသက အဖွဲ့ချုပ်မှ သိရသည်။

No comments: