Thursday, September 26, 2013

မီးလောင်မှုတစ်ခုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားတစ်ဦးအား ခေါ်ယူစစ်ဆေး

မိုးဇော်

မြောက်ဦးခရိုင်၊ မြေပုံမြို့နယ် ထူးချေကျေးရွာအနီးအနားတွင် လူနေတဲအိမ်တစ်လုံး စက်တင်ဘာလ ၂၂ ရက်နေ့က မီးလောက်မှုဖြစ်ပွားခဲ့ သောကြောင့် ၄င်းကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် ရွာသားတစ်ဦးအား မြေပုံမြို့ ရဲစခန်းမှ ဖမ်းဆီးခေါ်ယူစစ်ဆေးနေကြောင်း သတင်းရရှိသည်။

မီးလောင်မှုဖြစ်စဉ်မှာ ယင်းနေ့ နံနက် ၇ နာရီအချိန်တွင် ၄င်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးမောင်ဌေးမြင့် အပါအ၀င် ရွာသားတချို့က အနီးအနားရှိ အမည်မဖော်လိုသည့် ရခိုင်အမျိုး သမီးတစ်ဦး၏ တဲအိမ်ကို ပျက်စီးလိုက်ရာမှစ၍ မီးလောင်မှုဖြစ်ပွားသောကြောင်း ၄င်းတို့ကို တာဝန်ရှိ ရဲများမှ ညနေ ၅ နာရီအချိန်တွင် ဖမ်းဆီး ခေါ်ယူသွားကြောင်း မြို့နယ်အကျိုးဆောင် မြို့မိမြို့ဖတစ်ဦးက ပြောသည်။

" အဓိကတော့ မီးလောင်းတဲ့ ကိစ္စဖြစ်တယ်။ တကယ်တော့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာသူရွာသားတွေက မီးတိုက်လိုက်တာ မဟုတ်ပါဘူး။ သူတို့ အဲဒီတဲအိမ်ကို ဖျက်ဆီးနေတဲ့အချိန်မှာ အနားမှာ မီးလောင်ကျွမ်းနေတဲ့ မီးဖိုတစ်ခုရှိတယ်။ အဲဒီကနေ တစ်ဆင့် မီးပွားတွေကူးစက်ပြီးတော့ လောင် သွားတာပါ။ ရဲတွေက သူတို့မီးတိုက်လိုက်တယ် ထင်ပြီးတော့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ နောက်ထပ် ရွာသားတစ်ဦးကို ဖမ်းသွားပါတယ်။ ရွာသားနာမည်ကိုတော့ ကျနော် မရပါဘူး။ " ဟု ၄င်းက ပြောသည်။

အဆိုပါ အမျိုးသမီးသည် ဘင်္ဂလီဒုက္ခသည်စခန်းတစ်ခုကို လုံခြုံရေးယူနေသော ကျောက်ဖြူမြို့ ၃၄ စစ်တပ်မှ တာဝန်ယူနေသည့် တပ်ရင်းတစ်ခုအား ငါးရောင်းချပေးပြီး ၄င်းစစ်တပ်မှလည်း ဘင်္ဂလီများထံ ငါးများ ထပ်မံရောင်းချနေသောကြောင့် ရွာသူ/သားများက မကျေနပ်၍ ၄င်းအမျိုးသမီး၏ တဲအိမ်ကို ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

" အဲဒီမျိုးသမီးကို စစ်တပ်ကို ငါးသွားမရောင်းဖို့ တားကြပါတယ်။ ဒီစစ်တပ်က ငါးတွေကို ဘင်္ဂလီတွေဆီသို့ ထပ်ပြီးတော့ ရောင်းချပေးတယ်ဆိုပြီးတော့ ရွာသားတွေက ပြောထားကြပါတယ်။ ဒါပေမယ့် သူက ထပ်ပြီးတော့ သွားရောင်းတယ်။ အဲဒါနဲ့ ရွာသားတချို့က မကျေနပ်ကြဘူးဆိုပြီးတော့ သူနေတဲ့ အိမ်ကိုသွားပြီးတော့ ဖျက်ဆီးလိုက်တာ ဖြစ်တယ်။ " ဟု ပြောသည်။

ဆက်လက်ပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဌေးမြင့် နှင့် ရွာသားတစ်ဦးအား ဖမ်းဆီးရသော အကြောင်းအရင်းကို မြေပုံမြို့ ရဲစခန်းအား မေးမြန်းရာ စခန်းမှူး ဦးကျော်ဇေယျက ယခုလို ပြန်ဖြေကြားခဲ့သည်။

" ကျနော်တို့က သူတို့ကို ဖမ်းဆီးတာ မဟုတ်ပါဘူး။ ခေါ်ယူစစ်ဆေးတာပဲရှိပါတယ်။ အခုလည်း စစ်ဆေးနေတုန်းပါပဲ။ ဒီမီးလောင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆ (သူတပါးနေအိမ်ကို မီးရှိုး/ပေါက်ကွဲစေတတ်သော ပစ္စည်းဖြင့် ဖျက်ဆီးရန် ရည်ရွယ်ခြင်း) နဲ့ အမှုဖွင့်ထားပါတယ်။ " ဟု ဦးကျော်ဇေယျက ပြောသည်။

ယခုမီးလောင်မှု ကိစ္စနှင့် ပတ်သက်၍ မြေပုံမြို့ ရဲစခန်းမှ တာဝန်ယူ ဖြေရှင်းပေးနေသော်လည်း ဘင်္ဂလီဒုက္ခသည်စခန်းကို လုံခြုံရေးယူနေသော ကျောက်ဖြူမြို့ ၃၄ စစ်တပ်မှ တာဝန်ယူနေသည့် တပ်ရင်းက ၀င်ရောက်စွပ်ဖက်ကာ ကျေးရွာအတွင်း လိုက်လံစစ်ဆေးနေပြီး ထိုသို့ စစ်ဆေးမှုများ ပြုလုပ်ခြင်းသည် စစ်တပ်နှင့် သက်ဆိုင်ခြင်းမရှိသည့်အတွက် ထူးချေရွာသားများက မကျေနပ်မှုတိုးပွားနေကြောင်း၊ ယခုကဲ့သို့ စစ်ဆေးမှုများ ပြုလုပ်သည့်အတွက် မီးလောင်မှုနှင့် သက်ဆိုင်သူပါ၊ မသက်ဆိုင်သူပါ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ရွာသားများ ပြောပြချက်အရ သိရသည်။

လွဲခဲ့သော ရက်အနည်းအငယ်ကလည်း မြေပုံမြို့နယ်တွင် ဘင်္ဂလီဒုက္ခသည်စခန်းမှ ဒုက္ခသည် ၁၀ ကျော်သည် အချိန်မတော် ညဥ့် အချိန်တွင် စက်လှေ တစ်စီးဖြင့် ထွက်ခွာသွားသဖြင့် မြို့တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်ဟု ဒေသခံများက ပြောကြသည်။

No comments: