Wednesday, September 4, 2013

သမ္မတ၏ ဖွံ့ဖြိုးရေးမူ မွန်ပြည်နယ်တွင် ဆွေးနွေး

ရွှေဟင်္သာ

မွန်ပြည်နယ် ဝန်ကြီးချုပ်သည် သမ္မတ၏ နိုင်ငံ ဖွံ့ဖြိုး လမ်းညွှန်မှု အရ ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ကဏ္ဍ များကို အကောင်အထည် ဖော်နိုင်ရန် အတွက် ပြည်နယ် အစိုးရ အပါအ၀င် ခရိုင်၊မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ များအား ယမာန်နေ့ စက်တင်ဘာလ (၂) ရက်နေ့တွင် ပြည်နယ် ခန်းမ၌ ခေါ်ယူ တွေ့ဆုံ ခဲ့ကြောင်း တက်ရောက် ခဲ့သည့် မွန်ပြည်နယ် လျှပ်စစ် စွမ်းအား ဝန်ကြီး ဌာန ဝန်ကြီး နိုင်လဝီအောင်က ဆိုပါသည်။

“ အဲဒီ ရှင်းလင်း ပွဲမှာ သမ္မတရဲ့သက်တမ်း တစ်ဝက် လပေါင်း (၃၀) အတွင်းမှာ ဘာတွေ လုပ်ခဲ့သလဲ ဆိုတာ ရှင်းပြတယ်၊ မြို့နယ်နဲ့ရပ်ကျေး တွေမှာ ဖွဲ့စည်းပြီး လုပ်ငန်း လုပ်ဆောင် နိုင်သေးခြင်း မရှိသေးတဲ့ ကော်မီတီတွေသူတို့ သက်ဆိုင်ရာ ကော်မီတီတွေ အလိုက် ဘာတွေ လုပ်လို့ ရလဲ ဆိုတာ ရှင်းပြတယ်၊ လူမှု ဖွံ့ဖြိုးတိုးတက်ရေးကို တိုက် ရိုက် အကျိုးပြုမယ့် ကိစ္စ တွေကို တင်ပြ နိုင်ဖို့၊ အဲဒါတွေ ရှင်းပြသွားတယ်” ဟု ဆိုပါသည်။

ပြည်နယ်အစိုးရ ဖိတ်ခေါ် တွေ့ဆုံ ခဲ့သည့် တွေ့ဆုံပွဲ အနက် ယခု တွေ့ဆုံပွဲသည် အများဆုံး ဖိတ်ကြားတက်ရောက် စေခဲ့ပြီး မွန်ပြည်နယ် (၁၀) မြို့နယ် စလုံးမှ ပါဝင် တက်ရောက် ခဲ့ကာ ကိုယ်စားလှယ်ပေါင်း (၆၀၀) ကျော် တက်ရောက် စေခဲ့သည်ဟု ဆိုပါသည်။

သမ္မတ ဦးသိန်းစိန်သည် ပြီးခဲ့သည့် သြဂုတ်လ (၉) ရက်နေ့၌ အစိုးရ ၀န်ကြီးများ၊ တိုင်းနှင့် ပြည်နယ် ၀န်ကြီးချုပ် များကို နေပြည်တော်၌ ခေါ်ယူ တွေ့ဆုံ ခဲ့ပါသည်။ ၄င်းသည် နိုင်ငံ ဖွံ့ဖြိုးရေး အတွက် လုပ်ငန်းစဉ်မူ ခုနစ်ချက်ကို ချမှတ် ခဲ့ပြီးလျှပ်စစ်ရရှိရေး၊ သောက်သုံးရေ၊ စိုက်ပျိုးရေး၊ အလုပ်အကိုင် ရရှိရေး၊ ခရီးသွား လုပ်ငန်း၊ ငွေကြေး လုပ်ငန်း၊ ကုန်သွယ်မှုနှင့် ရင်းနှီး မြုပ်နှံမှုတို့ ကို ချပြခဲ့ပါသည်။

ထိုလုပ်ငန်းစဉ် များမှ ပြည်သူ လူထု များအား တိုက်ရိုက်အကျိုး ရှိစေမည့် စီမံကိန်း များကို ပြည်ထောင်စု အစိုးရ အဖွဲ့ နှင့် ပြည်နယ် အစိုးရ တို့၏ စီမံကိန်း များတွင် အကောင်အထည် ဖော်သင့် သည်ဟု ယူဆသည့် ဖွံ့ဖြိုးရေး စီမံကိန်း များကို အောက်ခြေမှ တင်ပြ နိုင်ရန်လည်း ရည်ရွယ် သည်ဟု နိုင်လဝီအောင်က ဆိုပါသည်။


သမ္မတ ဦးသိန်းစိန်၏ ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာသည် အစိုးရ၏ အပေါ်ထပ် အဆောက်အအုံ အားကောင်း ရုံမျှဖြင့် အောင်မြင် နိုင်မည် မဟုတ်သလို အစိုးရ အဆင့်ဆင့်သော အုပ်ချုပ်ရေး ယန္တရားများ ပါဝင် ဆောင်ရွက်နိုင်ပါမှ အောင်မြင် လိမ့်မည်ဟု ယူဆကြောင်း မွန်ပြည်နယ် လွှတ်တော် အမတ် တစ်ဦး ဖြစ်သူ ဒေါက်တာ အောင်နိုင်ဦးက ဆို ပါသည်။

သမ္မတ လမ်းညွှန် မူထဲတွင် ပြည်နယ် အစိုးရ များကို အာဏာ ပိုမို ခွဲဝေ ပေးရန် ရှိနေပါသည်။ သို့သော် တည်ဆဲ ဥပဒေ အရ အာဏာ ခွဲဝေရေး၌ မပီပြင်ခြင်း၊ ပြည်နယ်တိုင်း များ၌ ဥပဒေ ပြုနိုင်မှု မပီပြင်ခြင်း တို့ကြောင့် အစိုးရ အုပ်ချုပ်ရေးယန္တရား၌ ဗဟို အစိုးရ ချုပ်ကိုင်မှုက ကြီးထွား နေဆဲ ဖြစ်ကြောင်း ဒေါ်က်တာ အောင်နိုင်ဦးက ဆိုပါသည်။ သမ္မတ၏ ဖွံ့ဖြိုးရေး အစီစဉ် သစ်သည် မည်မျှ လက်တွေ့ ကျမည်ကို စောင့်ကြည့်ရန် လိုအပ် သေးကြောင်း ပြည်နယ် အစိုးရ ၀န်ကြီး များက ဆိုပါသည်။

No comments: