Monday, September 2, 2013

၂၀၁၃ မော်ဒယ် ဟွန်ဒိုင်းကားသစ်များ သုံးနှစ်အာမခံဖြင့်ရောင်းမည်

သီဟကိုကို | တနင်္လာနေ့၊ စက်တင်ဘာလ ၀၂ ရက် ၂၀၁၃

မြန်မာနိုင်ငံသို့ တင်သွင်းရောင်းချမည့် ဟွန်ဒိုင်းကားများကို သုံးနှစ်အာမခံပေးသွားမည်ဖြစ်ကြောင်း ကိုရီးယားနိုင်ငံ ထုတ် ဟွန်ဒိုင်းကားကုမ္ပဏီ၊ မြန်မာပြည်ကိုယ်စားလှယ် Fortune Kolao International Motors Co., Ltd. တာဝန်ရှိ သူများက ဆိုသည်။

ဟွန်ဒိုင်းနိုင်ငံတကာအဆင့်မီကားအရောင်းပြခန်းအား သြဂုတ် ၃၁ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ဟွန်ဒိုင်း ဘယ်မောင်းကား များကို သတ်မှတ်စံချိန်စံနှုန်းများအတိုင်း သုံးနှစ်သို့မဟုတ် ကီလိုမီတာတစ်သိန်းအာမခံဖြင့် ရောင်းချသွားမည်ဖြစ်သည်။

ကားအရောင်းပြခန်းတွင် မြန်မာနိုင်ငံ၌ လူသိများသော ဆိုနာတာအပါအ၀င် မော်ဒယ် ခြောက်မျိုးတင်သွင်းရောင်းချမည်ဖြစ်ပြီး အခြားမော်ဒယ်ကားများလည်း ဆက်လက်တင်သွင်းသွားဖြစ်ကြောင်း၊ ကားဈေးနှုန်းများကို စက်တင်ဘာလ ဒုတိယပတ်တွင် စတင်သတ်မှတ် ရောင်းချပေးမည်ဖြစ်ကြောင်း Fortune Kolao International Motors Co., Ltd. အမှုဆောင် အရာရှိချုပ် ဦးမြဟန်က ဆိုသည်။

အရစ်ကျစနစ်ဖြင့် ရောင်းချသွားနိုင်ရန်အတွက်လည်း ယူနိုက်တက်အမရဘဏ်နှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိပြီးအောက်တိုဘာလဆန်းပိုင်းတွင် အရစ်ကျစနစ်ဖြင့် စတင်ရောင်းချသွားနိုင်မည်ဖြစ်ကြောင်းလည်း ဆက်ပြောသည်။

မြန်မာနိုင်ငံ၏ ကားဈေးကွက်အတွင်း ဂျပန်နိုင်ငံထုတ် Used ကားများသာကြိုက် နှစ်သက်မှုများလျက်ရှိခြင်းကြောင့် ကားဈေးကွက်နှင့်ပတ်သက်၍ Fortune Kolao Inter- national Motors Co., Ltd. အရောင်းမန်နေဂျာ ဦးအောင်ဇော်မိုးက ဟွန်ဒိုင်းဆိုလျှင် မြန်မာနိုင်ငံသားများက ဘတ်စ်ကားနှင့် ဆလွန်းကားဖြစ်သော ဆိုနာတာ သာသိကြကြောင်း၊ ဟွန်းဒိုင်းကလည်း ကမ္ဘာ့ထိပ်တန်းကားကုမ္ပဏီ စာရင်းတွင် အဆင့် (၅)၀င်ကြောင်းနှင့် အားသာချက်မှာ ဘယ်မောင်းဖြစ်ပြီး Warranty လည်း ပေးထားသဖြင့် တဖြည်းဖြည်းဈေးကွက် ထိုးဖောက် ရမည်ဟု ပြောသည်။

“အခုနောက်ပိုင်းမှာ ကားဝယ်သူတွေက After Sales Service ကို အဓိကကြည့်လာတယ်”ဟု ဆက်ပြောသည်။ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံတွင် ဖွင့်လှစ်ထားသော ကားအရောင်းပြခန်းသည် အာရှ-ပစိဖိတ်ဒေသအတွင်း အကြီးဆုံးသော ဟွန်ဒိုင်းကားအရောင်းပြခန်းဖြစ်ပြီး နေပြည်တော်၊ မန္တလေးနှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဆက်လက်ဖွင့်လှစ်သွားရန်အစီအစဉ်ရှိကြောင်း ဦးမြဟန်က ပြောသည်။

အဆိုပါကားအရောင်းပြခန်းတွင် ကားဝယ်ယူခြင်း၊ ထိန်းသိမ်းခြင်း၊အပိုပစ္စည်းဝယ်ယူခြင်းများအား တစ်နေရာတည်း တွင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်အတွင်း၌ ကမ္ဘာကျော်ကား ကုမ္ပဏီများက အပြိုင်အဆိုင် ကားအရောင်းပြခန်းများ ဖွင့်လှစ်လာခဲ့ပြီး လက်ရှိတွင် ဂျပန်နိုင်ငံထုတ် တိုယိုတာ၊ မစ်ဆူဘီရှီ၊ဆူဇူကီး၊ အမေရိကန်နိုင်ငံထုတ် ဖို့ဒ်နှင့် ချက်ပလက်တို့က မြန်မာပြည်ကိုယ်စားလှယ်များထားကာ တင်သွင်းရောင်းချလျက် ရှိပြီး ဂျာမနီနိုင်ငံထုတ် Mercedes–Benz ကား အရောင်းပြ ခန်းများလည်း ၂၀၁၄ နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။

No comments: