Saturday, September 14, 2013

ဆက်သွယ်ရေးကဏ္ဍတွင် ပြည်ပအော်ပရေတာများကို ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံခွင့်ပေးခြင်းမှာ အစိုးရ၏ ရဲတင်းသည့်လုပ်ရပ်ဟုဆို

ချိုကို

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍတွင် ပြည်ပနိုင်ငံများမှ အော်ပရေတာများကို ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံရန် ဖွင့်ပေးခြင်းမှာ မြန်မာအစိုးရ၏ ရဲတင်းသောလုပ်ရပ်တစ်ခုဖြစ်သည်ဟု ဥဇဘက်ကစ္စတန်နိုင်ငံ အခြေစိုက်ငွေကြေးနှင့် ဘဏ်လုပ်ငန်းအဖွဲ့အစည်း Silk Road Finance ၏ ဥက္ကဋ္ဌ Mr. Alisher Sli က စက်တင်ဘာ ၁၁ ရက် တွင် သုံးသပ်ပြောကြားလိုက်သည်။

၎င်းက နေပြည်တော်ရှိ MICC ခန်းမတွင် စက်တင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်က ကျင်းပသော Myanmar Connect 2013 ပွဲတွင် ပြောကြားခြင်းဖြစ်ပြီး “အိုင်စီတီရင်းနှီးမြှုပ်နှံမှု သုံးသပ်ချက်” ခေါင်းစဉ်ဖြင့် ဆွေးနွေးသည့် ဆွေးနွေးပွဲတွင် ယင်းသို့ ထည့်သွင်းပြောခြင်းဖြစ်သည်။

၎င်းက “မြန်မာအစိုးရအနေနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းအတွက် နိုင်ငံတကာ အော်ပရေတာတွေကို ၁၀၀ ရာခိုင်နှုန်းရင်းနှီးမြှုပ်နှံဖို့ ခွင့်ပြုလိုက်တာဟာ အလွန်ရဲတင်းတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ဖြစ်ပါတယ်”ဟု ပြောသည်။

ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာငွေကြေးအဖွဲ့အစည်း (IFC) ၏ အာရှဆိုင်ရာ တယ်လီကွန်း၊ မီဒီယာနှင့် နည်းပညာဌာန၏ အကြီးအကဲ Mr.Carlos Kat-suya ကလည်း “မြန်မာနိုင်ငံမှာ ရေရှည်ရင်းနှီး မြှုပ်နှံဖို့ဆို Local Partner တွေနဲ့ ပူးပေါင်းလုပ်ကိုင်ရမယ်။ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင် တွေကလည်း Suplier အနေနဲ့ ပူးပေါင်းပါဝင်လုပ်ကိုင်နိုင်တယ်။ ဒီလိုလုပ်ကိုင်မှသာ ရေရှည်မှာဈေးကွက် ကို ထိန်းချုပ်လုပ်ကိုင် နိုင်မှာဖြစ်ပါတယ်”ဟု သုံးသပ်ပြောကြားလိုက်သည်။

ပြည်တွင်းတွင် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် ပြည်တွင်း၊ ပြည်ပကုမ္ပဏီလေးခုကို လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ပြီး ပြည်ပကုမ္ပဏီနှစ်ခုကို ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုခြင်းဖြစ်သည်။

အစိုးရအနေဖြင့် ဆက်သွယ်ရေးကဏ္ဍတွင် ပြည်ပကုမ္ပဏီများကို ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံနိုင်ရန် ခွင့်ပြုခြင်းမှာ ဆက်သွယ်ရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ပထမဆုံးဖြစ်သည့်အတွက် နိုင်ငံတကာယုံကြည်မှုကို တည်ဆောက်ခြင်းလည်း ဖြစ်နိုင်ကြောင်း ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် အလုပ်အမှု ဆောင် ဦးဇော်မင်းဦးက သူ၏အမြင်ကို ပြောသည်။

၎င်းက “အစိုးရအနေနဲ့ ခွင့်ပြုတယ်ဆိုတာ ဒီအချိန်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲနေတဲ့အချိန်ဆိုတော့ ကန့်သတ်ချက်တွေ ပေးပြီးတော့ ဘယ်လောက်ပဲလုပ်ခွင့်ပြုတယ်လို့ လုပ်လိုက်ရင် Investment က မလာမှာ စိုးရိမ်တယ်။ ကြိုးစားပြီးတော့ ပြတော့ပြနေတယ်။ ဘယ်သူမှ မယုံသေးဘူး။ အခုလည်း ကြိုးစားပြီးပြ နေတာ။ အဲဒီအချိန်မှာ Telecom Sector ကလည်း မြန်မြန်သွားရမယ်ဆိုတော့ ရာနှုန်းပြည့်လုပ်ချင်တဲ့ သူရှိရင် ခွင့်ပြုလိုက် မယ်ဆိုပြီး အစိုးရက ခွင့်ပြုလိုက်တဲ့သဘောပါ”ဟု ပြောသည်။

ပြည်ပကုမ္ပဏီများကို ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံရန် ဖွင့်ပေးခြင်းသည် ကောင်းမွန်သော်လည်း တစ်ဖက်တွင် ပြည်တွင်း ကုမ္ပဏီများသည် ယှဉ်ပြိုင်နိုင်စွမ်းမရှိသည့်အတွက် ပူးပေါင်းလုပ်ဆောင်၍ ထိန်းညှိခြင်းများ ပြုလုပ်နိုင်ပါက ပိုမို အဆင်ပြေမည်ဖြစ်သည်ဟု ကွန်ပျူတာအသင်းချုပ်မှ အလုပ်အမှုဆောင် ဦးငြိမ်းဦးက ပြောသည်။

၎င်းက “ငွေကြေးအလုံးအရင်းနဲ့ လာရောက်ရင်းနှီးမြှုပ်နှံလာတယ်ဆိုတာ အလွန်ကောင်းပေမယ့် တစ်ဖက်မှာ ဘယ်လို ထိန်းချုပ်မလဲဆိုတာ စဉ်းစားရမယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေတို့၊ ဆက်သွယ်ရေးနည်း ဥပဒေတို့အပြင် တခြား လုပ်ထုံးလုပ်နည်းအချို့နဲ့ ထိန်းချုပ်လို့ရတယ်။ နိုင်ငံခြားကုမ္ပဏီတွေ ၀င်လာရင် ပြည်တွင်း ကုမ္ပဏီလေးတွေပျောက်သွားမှာလားဆိုတာ စဉ်းစားရမယ်။ နောက် ပြည်တွင်းကုမ္ပဏီတွေကလည်း ဘယ်လိုဆက်စပ် လုပ်ငန်းတွေမှာပြည်ပကုမ္ပဏီတွေနဲ့ ပူးပေါင်လုပ်ဆောင်ရမယ်ဆိုတာကိုလည်း စဉ်းစားရမယ်”ဟု ပြောသည်။

ပြည်တွင်းဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုအဖြစ် ပြည်ပကုမ္ပဏီနှစ်ခုကို ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုပေးခဲ့သည်။ ဆက်သွယ်ရေးအော်ပရေတာများ အဖြစ် နော်ဝေနိုင်ငံ အခြေစိုက် တယ်လီနော်နှင့် ကာတာနိုင်ငံအခြေစိုက် Ooredoo တို့ကို လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

No comments: