Saturday, September 21, 2013

အာဆီယံဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တောင်ကြီးတွင် ကျင်းပ

ဂျွန်ချစ်ငြိမ်း

တိုင်းနှင့် ပြည်နယ်များမှ အရပ်ဘက် လူမှုအဖွဲ့အစည်းများက အာဆီယံ လူထုညီလာခံနှင့် ပတ်သက်၍ သိရှိရန် ရည်ရွယ်ပြီး အာဆီယံဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်ရှိ ချယ်ရီကွင်းဟိုတယ်တွင် စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံသည် လာမည့် ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌနေရာကို အလှည့်ကျ တာဝန်ယူရမည် ဖြစ်သည်။ ထို့ကြောင့် အာဆီယံနိုင်ငံအသီးသီးမှ အစိုးရမဟုတ်သော အရပ်ဘက် လူမှုအဖွဲ့အစည်းများက ဦးဆောင်ကာ အာဆီယံ လူထုညီလာခံ (AESIAN People Forum) ကို ကျင်းပရမည်ဖြစ်သောကြောင့် ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲ လုပ်ရခြင်းဖြစ်ကြောင်း မြန်မာလူထုညီလာခံလုပ်ငန်းအဖွဲ့မှ ဆက်သွယ် ညှိနှိုင်းရေးမှူး ဦးကျော်လင်းဦးက မဇ္ဈိမကို
ပြောသည်။

“ကျွန်တော်တို့က ပြည်နယ်၊ တိုင်း ၁၄ ခုမှာရှိနေတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေလည်း အာဆီယံ People Forum နဲ့ပတ်သက်ပြီး သိရှိအောင် ပြည်နယ်နှင့်တိုင်းဒေသကြီးတွေကို လိုက်ပြီးတော့ ဆွေးနွေး ရခြင်း ဖြစ်ပါတယ်”ဟု ဦးကျော်လင်းဦးက ပြောကြားခဲ့သည်။

အာဆီယံဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ပြည်နယ်နှင့် တိုင်းဒေသကြီးခြောက်ခုတွင် ဇွန်လမှစတင်ကာ မြန်မာလူထု ညီလာခံ လုပ်ငန်းအဖွဲ့က ပြုလုပ်ခဲ့ပြီးဖြစ်သည်ဟုဆိုသည်။ အာဆီယံဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအတွက် မြန်မာလူထု ညီလာခံလုပ်ငန်းအဖွဲ့ကို အစိုးရမဟုတ်သော အဖွဲ့ ၁၃ ဖွဲ့က ၂၀၁၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲလာတက်သည့် ပအိုဝ်းလူငယ်အဖွဲ့မှ ခွန်ခမ်းကောင်က “ကျွန်တော်တို့က အာဆီယံနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုရှိတယ်။ ဘာလို့ဆို ၂၀၁၄ ကျရင် နိုင်ငံတော်သမ္မတက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနေရာဝင်မယ်။ အဲဒီ့နေရာမှာလည်း ကျွန်တော်တို့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေအနေနဲ့ ဘယ် လို ၀ိုင်းဝန်းကူညီလို့ရမယ်။ ဘယ်လို ညှိနှိုင်းထိန်းသိမ်းနိုင်မယ်ဆိုတာ စိတ်ဝင်စားလို့ တက်ရောက် ဆွေး နွေးတာ”ဟု မဇ္ဈိမကို ပြောသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် အာဆီယံနှင့် ပတ်သက်သော အကြောင်းအရာများ၊ အာဆီယံ အသိုက်အ၀န်းတွင် အာဆီယံ (၁၀) နိုင်ငံရှိ ပြည်သူများ ခံစားရမည့် အကျိုးရလဒ်နှင့် နစ်နာမှုများ၊အာဆီယံသမိုင်းကြောင်း၊ ၂၀၁၄ အာဆီယံ လူထုညီလာခံအတွက် ကြိုတင်ပြင်ဆင်မှုများကို ဆွေးနွေးမည်ဖြစ်သည်။

No comments: