Tuesday, September 3, 2013

ဒေါ်စိုးစိုးခိုင်အတွက် ပညာရေးဝန်ကြီးဌာန၏ ရှင်းလင်းချက် တက္ကသိုလ်ဆရာ/ဆရာမအသင်းများ အပြင်းအထန်ကန့်ကွက်

အေးမြင့်စန်း

ရှစ်လေးလုံးငွေရတုအခမ်းအနားအကြို သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် အလယ်တန်းပြ ဆရာမ ဒေါ်စိုးစိုးခိုင်ကို အလုပ်မှထုတ်ပယ်ခြင်းနှင့် ပတ်သက်သည့် ပညာရေးဝန်ကြီးဌာန၏ ရှင်းလင်းချက်ကို တက္ကသိုလ် ဆရာ/ဆရာမအသင်းများမှ အပြင်းအထန် ဆန့်ကျင်ကန့်ကွက်သည်ဟု အဆိုပါအသင်းများက သြဂုတ် ၃၁ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန် လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်ကို ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်များ (မဟာအောင်မြေမြို့နယ်) တက္ကသိုလ်များမှ တက္ကသိုလ် ဆရာ/ ဆရာမ အသင်းများက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ကန့်ကွက်ရခြင်းနှင့်ပတ်သက်ပြီး တက္ကသိုလ်ဆရာ/ဆရာမအသင်းများ၏ သတင်းထုတ်ပြန်ချက်တွင် ပညာရေး ၀န်ကြီးဌာန၏ နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ပြန်လည်ရှင်းလင်းခြင်းသည် ဒီမိုကရေစီကျင့်စဉ်နှင့် လိုက်လျော ညီထွေမှု မရှိသော ဆောင်ရွက်ချက်တစ်ခုအဖြစ် ယူဆသည်ဟု ဖော်ပြထားပြီး အဆိုပါရှင်း လင်းချက်ကြောင့် အခြေအနေမှန်အပေါ် အများပြည်သူက အထင်အမြင်လွဲမှားမှု ဖြစ်ပေါ်စေနိုင်သည်ဟုလည်း ဖော်ပြထားသည်။

ယင်းအပြင် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများသည် ဖြစ်စဉ်တစ်ခုလုံးကို ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ ပြန်လည်စိစစ်သုံးသပ်ပြီး ပြေလည်အောင် ဖြေရှင်းပေးလိုသော သဘောထားများ ထင်ဟပ်မှုမရှိစေသည့် အတွက် ကန့်ကွက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

သြဂုတ် ၃၀ ရက်နေ့စွဲဖြင့် နိုင်ငံပိုင်သတင်းစာများတွင် အဆိုပါဆရာမကို အ လုပ်ထုတ်ပယ်ခြင်းနှင့် ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားရာ ခွင့်မဲ့ပျက်ကွက်ခြင်း၊ ကျောင်းချိန် နောက်ကျခြင်းများကြောင့် ဖြစ်သည်ဟု ဆိုထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ဒေါ်စိုးစိုးခိုင်သည် ပြီးခဲ့သည့် ပညာသင်နှစ်အတွင်း ခွင့်ရက်လေးရက်ရှိပြီး ကျောင်းနောက်ကျ သည့် ရက်မှာ ၄၃ ရက်ရှိသည်ဟု ဖေါ်ပြထားသည်။

ယင်းသို့ ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်သည် “ဖြစ်စဉ်တစ်ခုလုံးအတွက် ကျေနပ်လောက်သော ဥပဒေကြောင်းအရ ဖြေရှင်းချက်တစ်ရပ်မဟုတ်ဘဲ နိုင်ငံ့ဝန်ထမ်းတစ်ဦးအား အရေးယူအပြစ်ပေးရေးအတွက် လိုအပ်သော တရားဝင်စွဲချက်များအပေါ်တွင် ဥပဒေကြောင်းအရ လွှမ်းမိုးပိုင်ခွင့်မရှိသော အကြောင်း အရာများဖြစ်သည့် ၀န်ထမ်းတစ်ဦး၏ လုပ်ငန်းခွင်အတွင်း သာမန်ပုဂ်္ဂိုလ်ရေးဆန်သော ဆက်ဆံရေးများကိုသာ ရှင်းလင်းထားခြင်းသာဖြစ်သည်” ဟု တက္ကသိုလ်ဆရာ/ဆရာမအသင်းများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလယ်တန်းပြဆရာမ ဒေါ်စိုးစိုးခိုင်က လေးစားလောက်တဲ့ ဆုံးဖြတ်ချက်မျိုးဖြစ်အောင် ပေးဖို့ လိုအပ်ပါတယ်၊ပေးထားတဲ့ ပြစ်ဒဏ်ကမညီမျှဘူးဖြစ်နေတယ်၊ သူတို့လိုရာဆွဲပြီး သူတို့ဘက်ကလုပ်သွားတာ။ တကယ့်တကယ် ဆရာမတို့ တင်ထားတဲ့ စွဲချက်တွေနဲ့ ဖြေရှင်းထားတာမဟုတ်တဲ့အတွက် ထုတ်ပြန်ထားတဲ့ နိုင်ငံဝန်ထမ်း ဥပဒေနဲ့ အညီ ဖြေရှင်းပေးဖို့ နိုင်ငံတော်သမ္မတကြီး ဆီစာတင်ဖို့ရှိပါတယ်” ဟုပြောသည်။

လုပ်သက် ၁၈ နှစ်ရှိပြီဖြစ်သော သင်ကြားရေး အတွေ့အကြုံ ပြည့်ဝသည့် ဆရာမတစ်ဦးကို ယင်းကဲ့သို့ လွန်ကဲစွာ အရေးယူအပြစ်ပေးခြင်းကြောင့် ကာယကံရှင်၏ ပုဂ်္ဂိုလ်ရေးဆိုင်ရာ နစ်နာဆုံးရှုံးမှုသက်သက်ဟု မမှတ်ယူဘဲ ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ကြီးမားသောအဟန့်အတားဖြစ်စေရာ ၀န်ကြီးဌာန အနေဖြင့် ဖြစ်စဉ် တစ်ခုလုံးအား လက်တွေ့ကျကျဖြေရှင်းပေးပါရန် တက္ကသိုလ်ဆရာ/ဆရာမများအသင်း က တောင်းဆိုလိုက်သည်။

ယင်းအပြင် တက္ကသိုလ်ဆရာ/ဆရာမအသင်းများအနေဖြင့် ဖြစ်စဉ်တစ်ရပ်လုံး ပြေလည်စေရန် ရည်ရွယ်၍ ဥပဒေနှင့် အညီ လိုအပ်သည့် နည်းလမ်းပေါင်းစုံ အသုံးပြုသွားမည်ဖြစ်ပြီး လိုအပ်ပါက ၀န်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက် သွားရန် အသင့်ရှိပါကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နေပြည်တော် ကောင်စီနယ်မြေ၊ ဇဗ္မူသီရိမြို့နယ်၊ အ.ထ.က (၅) တွင် အလယ်တန်းပြရာထူးဖြင့် တာဝန် ထမ်းဆောင် နေသော ဆရာမဒေါ်စိုးစိုးခိုင်ကို သြဂုတ် ၁၀ ရက်မှ ၁၄ ရက်အထိခွင့်မဲ့ပျက်ကွက်ခြင်း၊ ခွင့်ပြုချက်မဲ့ ခရီးဝေးထွက်ခွာခြင်း၊ နိုင်ငံရေးအဖွဲ့အစည်းများနှင့် ပါတ်သက်ခြင်းစသည့် စွပ်စွဲချက်များဖြင့် သြဂုတ်လအတွင်းတွင် အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

No comments: