Tuesday, September 17, 2013

ပြည်ပမှတင်သွင်းသော ဟင်းခတ်မှုန့်များကို အိုင်အိုဒင်းဓာတ်ပါဝင်မှသာ တင်သွင်းခွင့်ပြုတော့မည်

ဖိုးစိုးသူ


မြန်မာနိုင်ငံ စားသုံးသူဈေးကွက်အတွင်း ပြည်ပမှတင်သွင်းသော ဟင်းခတ်မှုန့်များတွင် အိုင်အိုဒင်းဓာတ်ပါ ၀င်မှုရှိမှသာ တင်သွင်းခွင့်ပြုတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကျန်းမာရေးဦးစီးဋ္ဌာနမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံအတွင်းသို့ ပြည်ပမှတင်သွင်းသော ဟင်းခတ်မှုန့်များတွင် ဆားပါဝင်မှုရှိသော်လည်း အိုင်အိုဒင်း ပါဝင်မှုမရှိ သဖြင့် အိုင်အိုဒင်းဓာတ်ပါဝင်မှုရှိမှသာ တရားဝင်တင်သွင်းခွင့်ပြုမည်ဖြစ်ပြီး အဆိုပါအစီအစဉ်ကို မြန်မာနိုင်ငံ ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန၊ သတ္ထုတွင်းဝန်ကြီး ဌာနတို့ပူးပေါင်း၍ စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကျန်းမာရေးဦးစီးဌာန (အာဟာရဌာန) မှ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာထိန်လင်းက ပြောကြားသည်။

“ဈေးကွက်ထဲ ရောက်နှင့်နေတဲ့ဟာတွေကိုတော့ မဆိုလိုတော့ပါဘူး။ နောက်တင်သွင်းမဲ့ ဟင်းခတ်မှုန့်တွေကိုတော့ အိုင်အိုဒင်းပါမှ တင်သွင်းခွင့်ပြုတော့မယ်။ မပါရင် တင်သွင်းခွင့်မပြုတော့ဘူး။ အခုလိုစီစဉ်နေပါ ပြီ။ တင်သွင်းတဲ့ ဟင်းခတ်မှုန့်တွေမှာ အိုင်အိုဒင်းပါဝင်ကြောင်းကို ထည့်သွင်းဖော်ပြနိုင်မှသာ တင်သွင်းခွင့်ပေးတော့မယ်” ဟု ဒေါက်တာထိန်လင်းက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် အိုင်အိုဒင်းချို့တဲ့မှု ရောဂါဖြစ်ပွားမှုနှုန်း ၆၀ ရာခိုင်နှုန်းခန့်ရှိနေပြီး အိုင်အိုဒင်းချို့တဲ့မှုရော ဂါကျဆင်းစေရန် အတွက် ယခုလိုဟင်းခတ်မှုန့်များတွင် အိုင်အိုဒင်းဓာတ်ပါဝင်ရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

ပြည်ပမှ တင်သွင်းသော ဟင်းခတ်မှုန့်များတွင် အိုင်အိုဒင်းပါဝင်မှုရှိမရှိ စစ်ဆေးရန်အတွက် မြန်မာနိုင်ငံ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဌာန ဒု-ညွှန်မှူး ဒေါက်တာထွန်းဇော်က“ဟင်းခတ်မှုန့်တွေ မှာ အိုင်အိုဒင်းပမာဏ ဘယ်လောက်ပါဝင်မှုရှိရမယ် ဆိုတာကိုတော့ ကျန်းမာရေး ဦးစီးဌာနနဲ့ ဆွေးနွေးနေတုန်းဖြစ်ပါတယ်။ ကျွန်တော်တို့ အစားသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနကတော့ ကြီးကြပ် စစ်ဆေးမှာ ဖြစ်ပါတယ်” ဟုရှင်းပြသည်။

ယခုကဲ့သို့ အိုင်အိုဒင်းပါဝင်သော ဟင်းခတ်မှုန့်များကိုသာ တင်သွင်းခွင့်ပြုခြင်းသည် ကောင်းမွန်သော လက္ခဏာ တစ်ရပ်ဖြစ်ကြောင်း လွှတ်တော်မှဖွဲ့စည်းထားသော ကျန်းမာရေးမြှင့်တင်မှုကော်မတီမှ အတွင်းရေးမှူးဒေါက်တာနေလင်းက မှတ်ချက်ပြုပြောကြားသည်။

“အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဌာနအနေနဲ့တော့ နယ်စပ်ဒေသက ၀င်ပေါက်ထွက်ပေါက်တွေမှာ စစ်ဆေးဖို့တွေ၊ ဓာတ်ခွဲခန်းလိုအပ်မှုတွေ၊ ၀န်ထမ်းလိုအပ်မှုတွေ ရှိနေပါတယ်။ ဒါကြောင့် စားသုံးရန်မသင့်တာတို့ ကျန်းမာရေးနဲ့ မကိုက်ညီတဲ့ အစားအသောက်တွေ ၀င်လာတာဖြစ်တယ်။ ဒါတွေကို FDA အနေနဲ့လည်း ကြိုးစားဆောင်ရွက်သွားဖို့ လိုပါတယ်” ဟု ရှင်းပြသည်။

မြန်မာနိုင်ငံတွင် အိုင်အိုဒင်းချို့တဲ့မှု ရောဂါသည် ဒေသများမှာ ဧရာဝတီတိုင်း ၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းတောင်၊ ရှမ်းမြောက်ဒေသများတွင် အများဆုံးဖြစ်ပွားလျက်ရှိကြောင်း ကျန်းမာရေးမြှင့်တင်မှုကော်မတီ စစ်တမ်းများအရသိရှိရသည်။

No comments: