Tuesday, September 24, 2013

ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ ပြီးဆုံး

ရွှေဟင်္သာ

တတိယ အကြိမ် (၃) ရက်ကြာမျှ ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်း ခန်းမ၌ ကျင်းပ ပြုလုပ် ခဲ့သည့် ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း (ရှမ်းပြည်နယ်/ ကယားပြည်နယ်/ မွန်ပြည်နယ်) ဆွေးနွေး ပွဲသည် ယနေ့ ပြီးဆုံး သွားခဲ့ သည်ဟု ဆွေးနွေးပွဲကို တက်ရောက် ခဲ့သည့် ကယန်း ပြည်သစ် ပါတီ အတွင်းရေးမှူး (၁) ဗိုလ် မှူးကြီး စောလွင် ကဆိုပါသည်။

“ ပြည်ထောင်စု ငြိမ်းကော်မီတီတွေ၊ ပါတီ ကိုယ်စားပြုတွေ၊ လက်နက်ကိုင် အဖွဲ့တွေ၊ လူမှုရေး အဖွဲ့တွေ၊ အမျိုးသမီး အဖွဲ့တွေ အတော်လေးကို စုံစုံလင်လင် တက်ရောက် ကြပါတယ်။ အဓိက ကတော့ အမြင် တင်ပြ ပွဲပါဘဲ။ ငြိမ်းချမ်းရေး အတွက်၊ ဖက်ဒရယ် ပြည်ထောင်စု အတွက်ပေါ့ စာတမ်းတွေ တင်ပြ ကြတာပါ” ဟု ဆိုပါသည်။

အခမ်းအနားသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း၊ ရှမ်းပြည်နယ် အစိုးရ ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုး၊ ဦးဝင်းမြင့်၊ ဦးဝင်းထွန်းတို့ တက်ရောက် ခဲ့ပါသည်။

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) မှ ခေါင်းဆောင်များ ဖြစ်ကြသော မင်းကိုနိုင်၊ ကိုကိုကြီး၊ မင်းဇေယျ စသည့် ခေါင်းဆောင် များလည်း တက်ရောက်ခဲ့ပါသည်။

အမျိုးသမီး အသင်းအဖွဲ့များ ကိုယ်စား အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ မူအန်းဂျလာ ကဂုဏ်ပြုစကား ပြောကြား ခဲ့ပြီး နိုင်ငံရေး ပါတီများ အစုအဖွဲ့ ကိုယ်စား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်း ကလည်းကောင်း၊ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုများ ကိုယ်စား ကရင် အမျိုးသား အစည်းအရုံးမှ ဗဟို အလုပ် အမှုဆောင် ဖဒို မန်းငြိမ်းမောင် ကလည်းကောင်း၊ လူမှု အဖွဲ့အစည်းများ ကိုယ်စား ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်ကလည်းကောင်း ဂုဏ်ပြု စကားများ ပြောကြား ခဲ့ကြပါသည်။

ထို့အပြင်ဆွေးနွေးခဲ့ကြသည့် အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များမှာ


၁) ရှမ်းပြည် တိုးတက်ရေး ပါတီ/ ရှမ်းပြည်တပ်မတော် မှ နာယက ဒုတိယဗိုလ်ချုပ်ကြီး ဆေထဲင်န်
၂) လားဟူ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ မှ ဥက္ကဋ္ဌ ဦးယောသပ်
၃) ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း မှ ဦးကိုကိုကြီး
၎) ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) မှ ပြင်ပ ဆက်ဆံရေး ဒုတိယဌာနကြီးမှူး ဦးဆမ်ခွန်း
၅) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်နန့်ခင်ထွေးမြင့်
၆) ဦးကိုနီ (တရားလွှတ်တော်ရှေ့နေ)
၇) ကယန်း အမျိုးသား ကာကွယ်ရေး တပ် (KNG) မှ ဆက်ဆံရေး တာဝန်ခံ ဦးပေါပေါ်
၈) မွန်ပြည်သစ် ပါတီ မှ တွဲဖက် အတွင်းရေးမှူး (၁) နိုင်အောင်မင်း
၉) ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် မှ ဥက္ကဋ္ဌ ဦးအေးသာအောင်
၁၀) ကယား လူမျိုးစု ဒီမိုကရေစီ ပါတီ မှ လူငယ်ရေးရာ တာဝန်ခံ စိုင်းနိုင်နိုင်ထွေး
၁၁) အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ အတွင်းရေးမှူး (၁) ဦးကြည်သန်း
၁၂) ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် မှ အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင်
၁၃) ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (ကလလတ) မှ ဗဟို ကော်မတီဝင် ရဲဘော် မာခူးရီချစ်ထွန်း
၁၄) မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မှ ဗဟို ဦးဆောင် ကော်မတီဝင် ရဲဘော် ဆလိုင်းယောအောင်
၁၅) မြန်မာ့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး သိပ္ပံ (MIPSS) မှ အမှုဆောင် ဒါရိုက်တာ ဒေါ်ခင်မမမျိုး
၁၆) ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ ရှမ်းပြည် တပ်မတော် (RCSS/SSA) ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ်ပေါင်ခေး
၁၇) ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA) ကလိုထူးဘော တပ်ဖွဲ့မှ ဗိုလ်မှူးစောလုံ့လုံ
၁၈) ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်
၁၉) ကယန်း အမျိုးသား ပါတီမှ အတွင်းရေးမှူး (၁) ဦးခွန်းမျိုးဦး
၂၀) အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်ဖွဲ့ (NDAA) အထူးဒေသ (၄) မိုင်းလား မှ ငြိမ်းချမ်းရေးနှင့် စည်းရုံးရေး ကော်မတီ ခေါင်းဆောင် ဦးခမ်းမောင် တို့လည်း တင်ပြ ခဲ့ကြပါသည်။

ယင်းဆွေးနွေးတွင် တိုင်းရင်းသား အဖွဲ့အစည်း အသီးသီး၊ နိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ၊ လေ့လာသူများ စုစုပေါင်း ၃၃၁-ယောက် တက်ရောက် ခဲ့ကြကြောင်း ဆိုပါသည်။

တင်ပြ ဆွေးနွေးကြသော စာတမ်းများသည် ငြိမ်းချမ်းရေး၊ ဖက်ဒရယ် ပြည်ထောင်စု အရေးနှင့် ပတ်သက်သော အပစ် အခတ် ရပ်စဲရေး ကိစ္စ၊ ဖွဲ့စည်းပုံ ပြသနာနှင့် နိုင်ငံရေးအရ အဖြေရှာရေး များကို တင်ပြ ဆွေးနွေးကြပါသည်။ တိုးချဲ့ အစီစဉ် များကို နောင်ကျင်းပနိုင်သည့် အခါ ထုတ်ပြန် ကြေညာ သွားမည်ဟု ကမကထ အဖွဲ့များက ဆိုပါသည်။

ဒုတိယ အကြိမ် ဆွေးနွေးပွဲကိုမူ ရှမ်းပြည်နယ် လားရှိုး မြို့၌ ကျင်းပ ခဲ့ပြီး ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်မှ အဖွဲ့အစည်း များမှ ကမကထပြု ကျင်းပ ခဲ့ပါသည်။ စတုတ္တ အကြိမ်ကိုမူ လာမည့် လာများတွင် ကျင်းပနိုင်ရန် ဆက်လက် စီစဉ်သွား မည်ဟု ဆိုကြပါသည်။

No comments: