နေမျိုး၊ နန်းလွင်နှင်းပွင့် | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၁၁ ရက် ၂၀၁၃
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ နည်းပညာတက္ကသိုလ်ဖြစ်သော ရတနာပုံဆိုက်ဘာစီးတီးမှ ကျောင်းသား ၁၇၆ ဦးသည် ကျောင်းခေါ်ချိန် ရာခိုင်နှုန်းမပြည့်မီသဖြင့် ကျောင်းအာဏာပိုင်များက စာမေးပွဲဖြေဆိုခွင့် မပေးတော့ကြောင်း ထိုကျောင်းမှ ကျောင်းသားတစ်ဦးဖြစ်သည့် ကိုအောင်ချမ်းမြေ့က ပြောသည်။
“ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းမပြည့်လို့ သူတို့ကို ဒီနှစ်အတွက်အကျလို့ (စာမေးပွဲကျရှုံးသူများ အဖြစ်) သတ်မှတ် လိုက်တာ။ ကျတဲ့ကျောင်းသားတွေထဲမှာ ဂုဏ်ထူးထွက်အောင် ဖြေနိုင်တဲ့ကျောင်းသားတွေလည်း ပါတယ်ဗျ” ဟု ၎င်းကဆိုသည်။
ကျောင်းထုတ်ခံရသည့် ကျောင်းသားများထဲတွင် ဗကသအဖွဲ့ဝင်ကျောင်းသား သုံးဆယ်ကျော်ပါဝင်သည်ဟုလည်း ၈၈ မျိုးဆက်ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ ဒေါ်မာမာဦးကပြောသည်။
“ကျွန်တော်တို့ စာမေးပွဲဖြေခွင့်မရတာသိတော့ အသနားခံစာတင်တယ်။ အသနားခံ စာတင်ရတာက လည်း ဖြေခွင့် မရတဲ့အထဲမှာ စာတော်တဲ့သူတွေပါတယ်။ စာမေးပွဲဖြေတိုင်း ရလဒ်ကောင်းကောင်းနဲ့ အောင်တဲ့သူတွေပါတယ်” ဟု စာမေးပွဲဖြေဆိုခွင့်မရသည့် ကျောင်းသားဖြစ်သူ ခွန်နိုင်ပြည့်ထွန်းက ပြောသည်။
ထိုသို့ ကျောင်းသားများအသနားခံစာ တင်ထားသည့်အတွက် ထိုကိစ္စနှင့်ပတ်သက်၍ ကျောင်းအာဏာပိုင်များထံ ဆက်သွယ်မေးမြန်းရာ စိစစ်ဆောင်ရွက်နေဆဲသာဖြစ်ကြောင်း ဖြေကြားသည်။
ရတာနပုံ ဆိုက်ဘာစီးတီးမှ မော်ကွန်းထိန်း ဒေါက်တာကြည်စိုးက “ကျောင်းသားတွေ ကျောင်းအုပ်ကြီးဆီမှာ အသနားခံစာတင်တာ မှန်ပါတယ်ခင်ဗျ။ ကျွန်တော်တို့က ၀န်ကြီးရုံးလမ်းညွှန်မှုခံယူပြီး တင်ပြထားပါ တယ်။ ကျွန်တော်တို့က ကျောင်းခေါ်ချိန်မပြည့်တဲ့အတွက်ပဲ စာမေးပွဲဖြေဆိုခွင့်မပြုတာပါ။ တခြားအကြောင်းအရာ မရှိပါဘူး။ လောလောဆယ် အတွေးထဲမပေါ်တော့ ဘာမှပြောစရာမရှိသေးပါဘူး” ဟု မဇ္ဈိမကို ပြောဆိုသည်။
ကျောင်းသားများသည် အသနားခံစာကို ကျောင်းအုပ်ကြီးထံသို့သာမက သမ္မတရုံး၊ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန တို့ ထံသို့လည်း မိတ္တူပေးပို့ခဲ့သည်။
ကျောင်းအာဏာပိုင်များက စာမေးပွဲဖြေဆိုခွင့်ရပ်နားလိုက်သည့် ကျောင်းသားများနှင့်ပတ်သက်သည့် ထုတ်ပြန်ချက် ကို စက်တင်ဘာ ၆ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းစာရင်းတွင် ကျောင်းသား ၁၄၉ ဦး၊ ကျောင်းသူ ၂၉ ဦး စာမေးပွဲ ဖြေခွင့် ရပ်နားခံရကြောင်း ဖော်ပြထားသည်။
ကျောင်းသားများ အခွင့်အရေးကာ ကွယ်ရေးကော်မတီမှ ကိုလင်းထက်နိုင်က “အခုလို ကျောင်းသားတွေကို စာသင်နှစ်တစ်နှစ် ဖြေဆိုခွင့်ပယ်လိုက်တယ်။ မတရားတစ်နှစ်အချခံလိုက်ရတာက ကျောင်းသား၊ ကျောင်းသူတွေ အတွက် ငွေရေးကြေးရေးပါမဟုတ်ဘူး။ ဂုဏ်သိက္ခာတွေကိုလည်း ထိခိုက်စေပါတယ်” ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်၍ ကျောင်းသားများ စာမေးပွဲပြန်လည်ဖြေဆိုခွင့် ပေးရေးအတွက် အထက်ဗမာပြည် ဗကသ အဖွဲ့ဝင်များ၊ ဗဟိုလုပ်ငန်းကော်မတီဝင်များ ပူးပေါင်းကာ လုပ်ဆောင်ရန်အစီအစဉ်များရှိပြီး ကျောင်းသားများ စာမေးပွဲဖြေဆိုခွင့်၊ ဖြေဆိုရန်ကန့်သတ်ချက်များ၊ အကြောင်းအရင်းများကို ပယ်ဖျက်ပေးရန် တောင်းဆိုသည့် အခမ်းအနားများလုပ်သွားရန်လည်း စီစဉ်နေကြောင်း ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုက မဇ္ဈိမကိုပြောသည်။
No comments:
Post a Comment