Monday, September 2, 2013

ကိုးကွယ်သည့် ဘာသာမတူညီမှုအပေါ် အခြေခံကာပဋိပက္ခများ မဖြစ်သင့်ဟု ပဲခူးတိုင်းသံဃနာယက ဥက္ကဋ္ဌဆရာတော်မိန့်ကြား

ရေခဲ(ပြည်) | တနင်္လာနေ့၊ စက်တင်ဘာလ ၀၂ ရက် ၂၀၁၃

ကိုးကွယ်သည့် ဘာသာကွဲပြားမှုအပေါ် အပြစ်မတင်ကြဘဲ အယူအဆမတူညီမှုအပေါ်တွင် ဖြစ်ပေါ်လာသည့် ပဋိပက္ခများမှ ရှောင်ရှားကြရန် ပြည်မြို့နယ် တပ်လမ်းတော်ဝင်ရတနာ ခမ်းမတွင်ပြုလုပ်သည့် ဘာသာပေါင်းစုံ ချစ်ကြည်ရေးမိတ်ဆုံစားပွဲတွင် ပဲခူးတိုင်းသံဃနာယက ဥက္ကဋ္ဌဆရာတော်ဦးကုမာရက မိန့်ကြားလိုက်သည်။

စက်တင်ဘာ ၁ ရက်နံနက် ၁၀ နာရီတွင် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့၊ တပ်လမ်းရှိ တော်ဝင်ရတနာ ခန်းမတွင်ပြုလုပ်သည့် ဘာသာပေါင်းစုံ ချစ်ကြည်ရေး မိတ်ဆုံစားပွဲတွင် ဆရာတော်က မိန့်ကြားလိုက်ခြင်း ဖြစ်သည်။

“မြတ်စွာဘုရားအနေနဲ့ ဒီ့ပြင်ဘာသာဝင်များကို မကောင်းမကြံနဲ့ စိတ်ထဲကတောင် မပြစ်မှားနဲ့လို့ ဟောကြားခဲ့တယ်။ ငါ့ဘာသာ ကောင်းတယ်ဆိုပြီး သူများဘာသာကို အပြစ်မယူကြပါနဲ့။ ဘာသာကြီးလေးခုရှိတယ်။ ကိုယ်ကြိုက်တာကို ကိုးကွယ်ပါ။ ပဋိပက္ခဆိုတာ မဖြစ်သင့်တဲ့ကိစ္စပါ” ဆရာတော် ဦးကုမာရက မိန့်သည်။

ဘာသာပေါင်းစုံ ချစ်ကြည်ရေးမိတ်ဆုံစားပွဲသို့ ပဲခူးတိုင်းလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်မြို့နယ် အုပ်ချုပ်ရေးမှူး များ၊ ခရိုင်ရဲတပ်ဖွဲ့ဝင်များ၊ တိုင်းသာသနာရေးမှူး၊ ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါပွဲတွင် ပြည်နယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအံ့မော်ကလည်း မြန်မာနိုင်ငံတွင် ဘာသာတရားကိုးကွယ် ယုံကြည်မှုနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည်ဟုလည်း ပြောသွားသည်။

“ဒီလိုပွဲမျိုး ပြုလုပ်ကျင်းပတာ ၀မ်းသာပါတယ်။ နောက်ဆိုရင် အစဉ်အလာကောင်းတစ်ခု ဖြစ်လာမယ်။ ကျွန်တော်တို့ပြည်မြို့နယ်မှာ ပဋိပက္ခတွေမဖြစ်တာ ဂုဏ်ယူမိတယ်။ အုပ်ချုပ်ရေး အာဏာပိုင်တွေရဲ့စီစဉ်မှုနဲ့ ဒေသခံတွေရဲ့ စည်းလုံးမှုကြောင့် ပဋိပက္ခဆိုတာ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူး” ဟု မိတ်ဆုံစားပွဲသို့ တက်ရောက်ာလသည့် ဟိန္ဒူဘာသာဝင် ဦးတင်ဝင်းကပြောသည်။

အလားတူ အစ္စလာမ်ဘာသာဝင်တို့၏ ၀ါကျွတ်အစ်ပွဲတော်တွင် ဗုဒ္ဓဘာသာဝင်များပျော်ရွှင်စွာ ပါဝင်ခဲ့ကြသလို ဗုဒ္ဓဘာသာဝင်တို့၏ ၀ါကျွတ်ပွဲတော်များတွင်လည်း အစ္စလာမ်ဘာသာဝင်များ တပျော်တပါး ပါဝင်ခဲ့ကြသည့် အလေ့အထများ ရှိခဲ့သည်ဟုလည်း တော်ဝင်ရတနာခမ်းမ နာယကဖြစ်သူ အစ္စလာမ်ဘာသာဝင် ဦးခင်မောင်သိန်း က ပြောသည်။

မိတ်ဆုံစားပွဲတွင် သံဃာတော်များကိုဆွမ်းနှင့် သင်္ကန်းပရိက္ခရာများ ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး ကြွရောက်လာကြ သည့် ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်များနှင့် အာဏာပိုင် အဖွဲ့အစည်းအသီးသီး၊ လူမှုရေးအဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များအား မိတ်ဆုံစားပွဲနှင့် တည့်ခင်းဧည့်ခံခဲ့သည်။

No comments: