Tuesday, September 24, 2013

မန္တလေးတိုင်းအတွင်း ရေကြီးခဲ့သည့် ဒေသများတွင် အကူအညီများ လိုအပ်နေ

နေမျိုး | အင်္ဂါနေ့၊ စက်တင်ဘာလ ၂၄ ရက် ၂၀၁၃

မန္တလေးတိုင်းအတွင်းရှိ အမရပူရ၊ တံတားဦး၊ စဥ့်ကိုင်မြို့နယ်များရှိ ကျေးရွာများတွင် စက်တင်ဘာလအတွင်းကရေကြီးမှုများဖြစ်ပေါ်ခဲ့ရာ ကျေးရွာပေါင်း ၃၈ရွာခန့် ရေဘေးဒုက္ခနှင့်ရင်ဆိုင်ခဲ့ရပြီး ယင်းကျေးရွာများအတွက် အကူအညီများ လိုအပ်နေကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

ယင်းသို့ ရေကြီးမှုမှာ စက်တင်ဘာ ဒုတိယအပတ်ခန့်က စတင်ခဲ့ခြင်းဖြစ်ကာလက်ရှိတွင် ဒေသခံများ အဖျားရောဂါများ ဖြစ်ပွားနေကြာင်း အဆိုပါဒေသများသို့သွားရောက်အကူအညီပေးသူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ မန္တလေးခရိုင် စည်းရုံးရေးမှူး ဦးကိုလေးက ပြောသည်။

ရေဘေးပြဿနာနှင့် ရင်ဆိုင်နေရသော ကျေးရွာများမှာ အမရပူရမြို့နယ်အတွင်း ၂၁ ရွာ၊ တံတားဦးတွင် ၁၄ ရွာ၊ စဥ့်ကိုင်တွင် သုံးရွာခန့်ရှိသည်ဟုလည်း ၎င်းက ဆိုသည်။

ဦးကိုလေးက "ကျန်းမာရေးပိုင်းက ဖျားတာနာ၊ ကိုက်တာခဲတာ၊ ဝမ်းပျက်၊ ဝမ်းလျှောတွေက လူတွေကို ဒုက္ခတော်တော်ပေးတယ်။ ရေတွေက ရှိနေတုန်းဆိုတော့ ဘယ်မှသွားလို့ လာလို့မရဘူး။ အမရပူရဘက်မှာ ငါးထောင်လောက်၊ တံတားဦးဘက်ကနှစ်ထောင်၊ သုံးထောင်လောက်၊စဥ့်ကိုင်ဘက်က ငါးရာလောက်ရှိမယ်}} ဟုပြောသည်။

ရေများပြန်ကျနေသော်လည်း သွားရေးလာရေး အဆင်မပြေသေးဘဲ ရေဘေးဒဏ်ခံရသူများနေပြီး ကူညီသူနည်းနေ သည်ဟုလည်း ゞင်းက ပြောသည်။

တံတားဦးမြို့နယ်မှ ရေဘေးဒဏ်ခံရသူ တစ်ဦးဖြစ်သည့်ကိုမျိုးမင်းစိုးက "ရွာထဲ ရေတွေဝင်လာတော့ အကုန်လုံး လမ်းပေါ်တက်ရတယ်။ အိမ်မှာ အလုပ်လုပ်လို့ မရတော့ဘူး။ ရေလွတ်တဲ့ဘက်သွားပြီး ကိုယ့်အလုပ် ကိုယ်လုပ်ရတယ်။ တောင်းတွေ ခြင်းတွေ ရက်တဲ့သူတွေက အိမ်မှာ မရက်ဘဲ ကုန်းမြင့်တွေဆီ သွားရက်ရတယ်။ အသေအပျောက် မရှိပါဘူး။ ဘုန်းကြီးကျောင်းတစ်ကျောင်းနဲ့ NLD ကလူတွေ ဆန်လာဝေပေးတယ်" ဟု ပြောသည်။

ယင်းဒေသများသို့ NLD မှ ဆန်၊ ခေါက်ဆွဲခြောက်၊ သောက်ရေသန့်၊ ဆေးဝါးပစ္စည်း၊ အသင့်စား ပေါင်မုန့်၊ ကိတ်မုန့်များ စုစုပေါင်းသိန်း ၂၀ဝ ဖိုးခန့် လှူဒါန်းသည်ဟု လည်း NLD မှ သိရသည်။

"NLD အနေနဲ့ ရွာတွေကို ဆန်တွေ ဆေးဝါးတွေ ဝေပေးပါတယ်။ ရေတွေ ပြန်ကျတော့ ရွာတွေ ညစ်ပတ်ပြီး ကလေးတွေ ဝမ်းရောဂါတွေဖြစ်နေတယ်။ တံတားဦးတင် မကဘူး၊ အမရပူရ မှာလည်း တော်တော်ဆိုးပါတယ်" ဟုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တံတားဦးလွှတ်တော်အမတ် ဒေါ်ခင်သန္တာက မဇ္ဈိမသို့ ပြောကြားခဲ့သည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ စက်တင်ဘာတတိယ ၁၀ ရက်ပတ်အတွက် ထုတ်ပြန်ချက်များအရ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့နှင့် ကသာမြို့တို့တွင် တစ်ပေမှ နှစ်ပေခန့် လက်ရှိရေမှတ်များ၏ အထက် မြင့်တက်လာနိုင်ပြီး၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် နှစ်ပေမှသုံးပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းနိုင်ကြောင်း သိရသည်။

No comments: