Friday, September 6, 2013

ထိုင်းကအလုပ်သမားတွေ ဗီဇာအလွယ်အကူရဖို့ ၀န်ဆောင်မှုတိုးမြှင်

ABC

ထိုင်းနိုင်ငံမှာ ​အလုပ်လုပ်ကိုင်ခွင့် ​ဗီဇာသက်တမ်း ​၄နှစ်ပြည့်သွားတဲ့ ​အလုပ်သမားတွေ ​ဆက်လက် ​အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် ​နယ်စပ်ဒေသမှာ ​စာအုပ်သစ်တွေ၊ ​ဗီဇာတွေ ​ရရှိနိုင်တဲ့ ​one ​stop ​service ​ဝန်ဆောင်မှု ​ပေးတော့မယ်လို့ ​သိရပါတယ်။

မြန်မာနိုင်ငံ ​အလုပ်သမားရေးဝန်ကြီးဌာန ​ ညွန်ကြားရေးမှူးချုပ် ​ဦးမျိုးအောင်ဦးဆောင်တဲ့အဖွဲ့နဲ့ ​ထိုင်းအလုပ်သမားဝန်ကြီးဌာန ​ညွန်ကြားရေးမှူးချုပ် ​ပရာစစ် ​ဦးဆောင်တဲ့အဖွဲ့တို့ ​ဘန်ကောက်မြို့မှာ ​တွေ့ဆုံမှုအတွင်း ​သဘောတူခဲ့ကြတာဖြစ်ပြီး ​ နိုဝင်ဘာလမှာ ​ဝန်ဆောင်မှု ​စတင်ပေးတော့မယ်လို့ ​ဘန်ကောက်မြန်မာသံရုံးက ​သံအမတ်ကြီး ​ဦးတင်ဝင်းက ​အခုလိုပြောပါတယ်။ 

“နှစ်ဘက်စခန်းတွေ ​one ​stop ​service ​တွေပေါ့နော် ​အဲဒါတွေဖွင့်မယ်၊ ​နယ်ခြားတလျောက်မှာဖွင့်မယ်၊ ​နဂို ​နေရာဟောင်းက ​၃ခု၊ ​ဂိတ်အသစ်ဖွင့်ထားတဲ့နေရာက ​၂ခုပေါ့၊ ​နိုဝင်ဘာလောက်မှာ ​ဖွင့်နိုင်မယ်လို့ ​ခန့်မှန်းတယ်၊ ​နဂို ​ဖွင့်တဲ့ ​နေရာဟောင်းတွေကတော့ ​တာချီလိတ်နဲ့ ​မျက်နှာခြင်းဆိုင် ​မယ်ဆိုင်ပေါ့နော်၊ ​မြ၀တီနဲ့ ​မျက်နှာချင်းတိုင်ဆို ​မဲဆောက်၊ ​ပြီးတော့ ​ကော့သောင်းဘက်ခြမ်းဆို ​ရနောင်းပေါ့ဗျာ ​ပြီးတော့ ​မြန်မာဘက်ခြမ်းက ​မောင်တောင် ​နောက်တခုက ​ထီးခီးပေါ့၊ ​ထီးခီးဆိုတာက ​ထားဝယ်နဲ့ ​ကန်ချနဘူရီသွားတဲ့လမ်းက ​နယ်ကြားဂိတ် ​ပေါ့နော် ​မြန်မာဘက်ခြမ်း၊ ​မောတောင်ဆိုတာက ​မြိတ်ကနေ ​နယ်စပ်ကိုလာတဲ့အခါမှာ ​နယ်ခြားဂိတ် ​နေရာသစ်တွေပေါ့အဲဒါတွေက။” 

အလုပ်လုပ်ကိုင်ခွင့် ​၄နှစ်ဗီဇာအတွက် ​၂နှစ်တကြိမ်သက်တမ်း ​တိုးခွင့်ရမှာဖြစ်ပြီး ​ကုန်ကျစရိတ်တွေကတော့ ​အရင်အတိုင်းပဲလို့ ​ပြောပါတယ်။

လောလောဆယ်မှာ ​စာအုပ်သက်တမ်းပြည့်သွားတဲ့သူတွေ ​၂သိန်းကျော်လောက်ရှိနေပြီး ​၄နှစ်ဗီဇာပြည့်သွားတဲ့ ​အလုပ်သမားတွေအနေနဲ့ ​မြန်မာပြည်ထဲကို ​၃လပြန်စရာမလိုတော့ပဲ ​နယ်စပ်ဂိတ်ကနေ ​အထွက်ပြပြီး ​ချက်ချင်းပြန်ဝင်လာခွင့်ရှိမှာဖြစ်ပြီး ​စာအုပ်သစ်တွေကိုလည်း ​တရက်ထဲနဲ့ ​အပြီးလုပ်ပေးမှာ ​ဖြစ်တယ်လို့ ​ပြောပါတယ်။

ထိုင်းနိုင်ငံအတွင်း ​အလုပ်လုပ်ကိုင်ခွင့် ​ဗီဇာသက်တမ်း ​၄နှစ်ပြည့်သွား ​အလုပ်သမားတွေရဲ့ ​အလုပ်လုပ်ကိုင်ခွင့်တွေနဲ့ ​ပတ်သက်ပြီး ​တိကျရှင်းလင်းတဲ့ ​စည်းမျဉ်းစည်းကမ်းတွေ ​ထုတ်ပြန်ပေးဖို့ ​အလုပ်သမားအဖွဲ့အစည်းတွေက ​တောင်းဆိုပြီးနောက် ​ခုလို ​ဝန်ဆောင်မှုတွေ ​လုပ်ပေးဖို့ ​နှစ်နိုင်ငံအစိုးရ ​သဘောတူခဲ့ကြတာ ​ဖြစ်တယ်လို့ ​ရေဒီယိုသြစတြေးလျသတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: