Saturday, September 7, 2013

တပ်သိမ်းမြေများ စုံစမ်းစစ်ဆေးမှုပြုရာတွင် အခက်အခဲရှိနေသည်ဟုဆို

ဂျွန်ချစ်ငြိမ်း

စစ်တပ်မှ သိမ်းယူထားသည့် လယ်ယာမြေများကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ရာတွင် အထက်အမိန့်မရခြင်းကြောင့် အခက်အခဲများ ရှိနေကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်က ပြောဆိုလိုက်သည်။

“သူတို့က အထက်အမိန့်မရလို့ဆိုပြီး ကျွန်တော်တို့လိုချင်တဲ့ မြေပုံတွေ၊ မြေစာရင်းတွေ ဇယားတွေ၊ အထောက် အထားတွေ လုံးဝ မရပါဘူး။ နေပြည်တော်ကနေ လွှတ်တော်ရောက်နေတဲ့ သူတို့အကြီးအကဲကို တင်ပြရမယ် ဆိုပြီး ပြောလာတဲ့အတွက် ကျွန်တော်တို့ မှန်မှန်ကန်ကန် စုံစမ်းစစ်ဆေးရေးလုပ်ဖို့ အခက်အခဲ ဖြစ်စေပါတယ်” ဟု အဖွဲ့ ခေါင်းဆောင် ဦးစိုင်းထွန်းစိန်က မဇ္ဈိမကိုပြောသည်။

လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် တောင်ကြီးမြို့တွင် စက်တင်ဘာ ၃ ရက်မှ ၄ရက်ထိ အမှုပေါင်း ၃၀ ခန့်စုံစမ်းခဲ့ပြီးဖြစ်ကြောင်း အဖွဲ့၏ စာရင်းဇယားများတွင် တွေ့ရသည်။

စုံစမ်းစစ်ဆေးမှုပြုလုပ်ခြင်းနှင့် ပတ်သက်၍ “ကျွန်တော်တို့က ဒီလိုတိုင်ကြားပြီး စုံစမ်းစစ်ဆေးပေးဖို့ စောင့်နေတာ ကြာပါပြီ၊ အခုလို ခေါ်ယူပြီးတွေ့ဆုံပေးတယ်၊ စစ်ဆေးပေးတယ်ဆိုတော့ ၀မ်းသာပါတယ်” ဟုလယ် မြေသိမ်းယူခံ ထားရသူ ပအိုဝ့်တိုင်းရင်းသား တစ်ဦးကဆိုသည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေနှင့် ယခုစုံစမ်းထားသည်များကို လယ်ယာမြေနှင့် အခြားမြေများသိမ်း ဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မတီဥက္ကဌမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌထံပေးပို့သွား မည်ဖြစ်သည်။

တောင်ကြီးမြို့နယ်အတွင်း စုံစမ်းစစ်ဆေးမှု ပြုလုပ်စဉ်အတွင်း ပအိုဝ့်ဒေသဘက်မှ အမှုပေါင်း ၁၅ မှု စစ်ဆေးပေးနိုင်ခဲ့ သည်ဟု ကော်မရှင်ကဆိုထားပြီး PNO ပအိုဝ့်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့မှသိမ်း ဆည်း လယ်မြေ ဧကပေါင်း သုံးထောင်ကျော်ရှိကြောင်း ကော်မရှင်ကဆိုသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်သည် တောင်ကြီးတွင် စစ်ဆေးမှုများအပြီး ရှမ်းအရှေ့ကျိုင်းတုံ၊ တာချီလိတ်တို့တွင် သွားရောက် စစ်ဆေးမည်ဖြစ်သည်ဟု ကော်မရှင်ဥက္ကဋ္ဌက ဆိုသည်။

No comments: