Tuesday, September 10, 2013

ဦးဝီရသူနှင့် ဒိုင်းမွန်းဦးရွှေကြည်တို့ နှစ်ဘာသာချစ်ကြည်ရေးအတွက် သုံးကြိမ်မြောက် တွေ့ဆုံမည်

သိင်္ဂီထွန်း | အင်္ဂါနေ့၊ စက်တင်ဘာလ ၁၀ ရက် ၂၀၁၃

တွေ့ဆုံပွဲကို ခြိမ်းခြောက်မှုများလည်း ရှိဟုဆို

မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဆရာတော်ဦးဝီရသူနှင့် ဒိုင်းမွန်းစိန်တိုက်ပိုင်ရှင် ဦးရွှေကြည်တို့ နှစ်ဘာသာ ချစ်ကြည်ရေးအတွက် စက်တင်ဘာ ၁၀ ရက်နံနက်ပိုင်းတွင် တွေ့ဆုံကာ ဘာသာနှစ်ခုကြား ညီညွတ်ရးနှင့် ငြိမ်းချမ်းရေး အကြောင်းအရာများ ဆွေးနွေးကြမည်ဟု နှစ်ဘက်ပုဂ်္ဂိုလ်တို့ထံကသိရသည်။

အဆိုပါတွေ့ဆုံပွဲမှာ သုံးကြိမ်မြောက်တွေ့ဆုံခြင်းဖြစ်ပြီး ဒဂုံအရှေ့ပိုင်း၊ ၁၃ ရပ်ကွက်ရှိ ကေသရာရာမကျောင်းတိုက်တွင် ပြုလုပ်မည်ဖြစ်သည်။

ဦးဝီရသူက “ပထမအကြိမ်ကတော့ ချစ်ကြည်ရေး တည်ဆောက်နိုင်ခဲ့တာပေါ့။ ဒုတိယအကြိမ်ကတော့ နှစ်ဦးနှစ်ဖက်မှာ တွေ့ကြုံရတဲ့ အခက်အခဲလေးတွေတင်ပြပြီး ငြိမ်းချမ်းရေးအတွက် ဆက်လက်လက်တွဲမပျက် ဆောင်ရွက် မယ်လို့ သဘောတူကြတာပေါ့။ တတိယအကြိမ်ကတော့ ဒီထက်ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြမှာပေါ့။ အဓိကရုဏ်းတွေ လုံးဝမဖြစ်ပေါ်ရေးကို အဓိကဆွေးနွေးကြမယ်” ဟု မဇ္ဈိမကို မိန့်သည်။

တွေ့ဆုံပွဲ၌ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရန် ဆွေးနွေးမည်ဖြစ်ပြီး မွတ်ဆလင်များ ဘက်မှလည်း ၉၆၉ ကိစ္စနှင့်ပတ်သက်၍ ဦးဝီရသူဟောပြောခဲ့သော တရားများအကြောင်းများ မေးမြန်းရန်ရှိသည်ဟု ဒိုင်းမွန်းရွှေကြည်ကပြောသည်။

ဒိုင်းမွန်းရွှေကြည်က “မြန်မာမွတ်ဆလင်သမိုင်းတွေကိုလည်း ထုတ်ပြမယ်။ အဓိကကတော့ ငြိမ်းချမ်းရေး တည်ဆောက်မယ်။ ဘယ်ဟာကိုမှ အကြမ်းမဖက်ဘဲ၊ ရန်မဖြစ်ဘဲပေါ့။ အခုတွေ့ဆုံတာက ကောင်းသော တွေ့ဆုံခြင်းပါ။ တစ်ယောက်နဲ့တစ်ယောက် အတိုက်အခံပြောမှာ မဟုတ်ပါဘူး” ဟုဆိုသည်။

ထိုသို့ ဆရာတော်ဦးဝီရသူနှင့် ဒိုင်းမွန်းရွှေကြည်တို့ တွေ့ဆုံမှုအား ခြိမ်းခြောက်မှုများလည်းရှိကြောင်း ၎င်းက ဆက်လက် ပြောသည်။

“မွတ်ဆလင်တွေကလည်း ဦးကိုခြိမ်းခြောက်တာပေါ့။ ဦးဝီရသူနဲ့ ဘာလို့တွေ့မှာလဲပေါ့။ အစွန်းရောက်တွေကတော့ ဦးတို့ကိုခြိမ်းခြောက်တာပေါ့” ဟုဆိုသည်။

ယခုတစ်ကြိမ်တွေ့ဆုံပွဲသည် တတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်သည် ယခုနှစ် ဇွန်လ ၅ တွင်ဖြစ်ပြီး ဇွန် လ ၂၁ ရက်တွင် ဒုတိယအကြိမ်တွေ့ဆုံ ခဲ့ကြခြင်းဖြစ်သည်။

No comments: