Wednesday, September 18, 2013

ချင်းပြည်နယ် မြွေတောင်-ဖားတောင် စီမံကိန်းဒေသခံများ မလိုလား

ဖိုးစိုးသူ

ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းရှိ မြွေတောင်-ဖားတောင် စီမံကိန်းနှင့်ပတ်သက်၍ တည်ဆောက်မည့် ကုမ္ပဏီနှင့် အစိုးရသည် ပွင့်လင်းမြင်သာမှုမရှိသည့်အတွက် ဒေသခံများက မလိုလားကြောင်း ချင်းပြည်နယ်ဒေသခံများကပြောဆိုလိုက်သည်။

တရုတ် Zijin Mining Group နှင့် လက်ပံတောင်းကြေးနီစီမံကိန်းကို လုပ်ကိုင်နေသည့် ၀မ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်း ကာ သြမအ့ ငြညငညှါုညလနျအာနညအ ဃသာစညေပ ဟူသည့်အမည်ဖြင့် မြွေတောင်ဖားတောင်စီမံကိန်းကို လုပ်ဆောင်နေခြင်းဖြစ်ပြီး စီမံကိန်းသည် ပွင့်လင်းမြင်သာမှုမရှိဟု ဒေသခံများက ပြောဆိုလိုက်ခြင်းဖြစ်သည်။

“စီမံကိန်းလုပ်မယ်ဆိုတာကို အစိုးရကချပြတာလည်းမရှိဘူး။ ထုတ်ပြန်တာလည်းမရှိဘူး။ သူတို့သဘောနဲ့ အကောင် အထည် ဖော်ဖို့လုပ်နေကြတာ။ ဒါကြောင့် စီမံကိန်းကိုတည်ဆောက်ဖို့ဆိုရင် ပွင့်လင်းမြင်သာစွာ ချပြဖို့လိုတယ်” ဟု ချင်းတောင်သဘာဝသယံဇာတ စောင့်ကြည့်ရေးအဖွဲ့မှ ကိုတွေင်ရင်ကပြောသည်။

မြွေတောင်-ဖားတောင်ကို ၂၀၀၆ ခုနှစ်ခန့်က တရုတ်ပိုင်ကင်ဘို ကုမ္ပဏီမှ စမ်းသပ်တူးဖော်ခဲ့ဖူးပြီး ယခုအစိုးရ လက်ထက်တွင် ပြန်လည် အကောင်အထည်ဖော်ရန် သမ္မတဦးသိန်းစိန် အစိုးရနှင့် ၂၀၁၂ ခုနှစ် သြဂုတ်လ တုန်းက သဘောတူညီခဲ့ကြဖူးသည်။

အဆိုပါစီမံကိန်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နစ်နာမှုများ၊ ပျက်စီးဆုံးရှုံးရသည့် လယ်ယာမြေများ၊ လျော်ကြေးပေးဆောင်မှုများ၊ အကျိုးအမြတ်ခွဲဝေခြင်းများကို အစိုးရဘက်မှ ပွင့်လင်းမြင်သာမှုရှိရန် ချင်းပြည်နယ်ရှိ နိုင်ငံရေးပါတီလေးခုမှ သဘောထားကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ ဖူးသည်။

Zijin ကုမ္ပဏီဝက်ဆိုက်တွင် ဖော်ပြထားချက်အရ မြွေတောင်၊ ဖားတောင်စီမံကိန်း၏ အကျိုးအမြတ်ကို ကုမ္ပဏီ ဘက်က ၈၀ ရာခိုင်နှုန်းရရှိမည်ဖြစ်ပြီး၊ မြန်မာအစိုးရက ၂၀ ရာခိုင်နှုန်းရရှိမည်ဟု ဖော်ပြထားသည်။ စီမံကိန်း တည်ရာ နယ်မြေကို ပိုင်ဆိုင်ထားသော ချင်းပြည်နယ်ကို စီမံကိန်းကာလအတွင်း နှစ်စဉ် အမေရိကန် ဒေါ်လာငါးသိန်းထောက်ပံ့မည်ဟု ကုမ္ပဏီဘက်က ပြောဆိုထားသည်။

“လက်ပံတောင်းတောင် စီမံကိန်းမှာဆိုရင် အကြမ်းဖက်မှုတွေ ဖြိုခွင်းမှုတွေဖြစ်ခဲ့တယ်။ ပွင့်လင်းမြင်သာမှု မရှိတဲ့ အတွက် အခုလိုဖြစ်ကြရတယ်။ ချင်းပြည်နယ်က အိန္ဒိယနယ်စပ်လည်းဖြစ်တယ်။ လက်ပံတောင်းတောင် လိုဖြစ်လာ ခဲ့ရင် လက်နက်ကိုင် တိုက်ခိုက်မှုတွေတောင် ဖြစ်လာနိုင်တယ်” ဟု အထက်ချင်းတွင်း လူငယ်များ ကွန်ရက်မှ ကိုကျော်သက်ဝင်းက ထောက်ပြပြောဆိုသည်။

မြွေတောင်တွင် စီးပွားဖြစ်ထုတ်ယူနိုင်သည့် နီကယ်နှင့် သံရောသတ္တုရိုင်း အသိုက်သုံးခုတွေ့ရှိထားပြီး မြန်မာနိုင်ငံ တွင် နီကယ်သတ္တု အကြီးမားဆုံးထွက်သည့် နေရာတစ်ခုဖြစ်သည်။ ထို့ပြင် အဆိုပါသတ္တုရိုင်း သိုက်သုံးခုမှ ပျမ်းမျှ နီကယ်ပါဝင်မှု ၁ ဒသမ ၄ ရာခိုင်နှုန်းရှိ သတ္တုရိုင်းစုစုပေါင်း မက်ထရစ်တန် (၄၂ သန်း ကျော်) ၄၂၂၁၀၀၀၀ ခန့်ရှိနိုင်ပြီး သန့်စင်ပြီး နီကယ်မက်ထရစ်တန် ၅၉၅၀၀၀ ကျော် ထုတ်ယူနိုင်မည်ဖြစ်ကြောင်း မြွေတောင် နီကယ် သတ္တုတူးဖော်ရေးကို စစ်တမ်းကောက် စာရင်းပြုစုနေသည့် ဆလိုင်းအိုင်ဇက်ခင်ကပြောသည်။

မြွေတောင်သည် အလျားရှစ်မိုင် အနံငါးမိုင်ရှိပြီး တောင်ကိုမှီ၍ တောင်ယာလုပ်ငန်း လုပ်ကိုင်နေကြသည့် ကျေးရွာပေါင်း ၁၅ ရွာကျော်ရှိနေသည်။

No comments: