Wednesday, September 4, 2013

အိန္ဒိယ ကုမ္ပဏီ ငွေ မပေးနိုင်သဖြင့် ကျောက်ဖြူ ဒေသခံ ကန်ထရိုက်တာများနှင့် ခိုက်ရန်ဖြစ်ပွား

မောင်ရမ္မာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အိန္ဒိယ ကုမ္ပဏီ PunjLloyd မှ တာဝန်ရှိသူများနှင့် ဒေသခံ ကန်ထရိုက်တာများ အကြားတွင် လစာငွေ မပေးနိုင် ယမန်နေ့က ခိုက်ရန်ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။ -

“ မနေ့က နေ့လည်မှာ PunjLloyd ကုမ္ပဏီရုံးမှာ မန်နေဂျာ Mr colonel Hitendra Bahadur က ကန်ထရိုက်တာတွေကို ပေးရမယ့် ငွေတွေကို ဒီနေ့ ပေးမယ်၊ ဟိုနေ့မှာ ပေးမယ်ဆိုပြီးတော့ အကြိမ်ပေါင်း မြောက်မြားစွာ လှည့်ပတ် ပြောဆိုနေတဲ့ အတွက် ဒေါသထွက်ပြီး တိုက်ခိုက်ရာကနေ ရန်ပွဲ ဖြစ်ပွားရတာ ဖြစ်ပါတယ်” ဟု အမည် မဖေါ်လိုသူ အလုပ်သမား ခေါင်းဆောင်တဦးက နိရဉ္စရာသို့ ပြောသည်။

ခိုက်ရန်ဖြစ်ပွားနေစဉ် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး တားမြစ်သဖြင့် ရန်ပွဲမှာ တစုံတရာ ထိခိုက်မှုမရှိဘဲ ပြီးဆုံးသွားခဲ့သည်ဟု မျက်မြင်တစ်ဦးကလည်း နိရဉ္စရာသို့ အတည်ပြု ပြောသည်။

“ ဖြစ်တာက အစားအစာတွေကို တာဝန်ယူ ထောက်ပံ့တဲ့ ကန်ထရိုက်တာတွေနဲ့ အုတ်၊ သဲကျောက်တွေကို တာဝန်ယူ ထောက်ပံ့ (Supply) လုပ်နေတဲ့ ကန်ထရိုက်တာတွေနဲ့ ကုမ္ပဏီ ဒါရိုက်တာနဲ့ ဖြစ်ကြတာပါ။ ခုလို ခိုက်ရန်ဖြစ်ပွားနေတဲ့အချိန်မှာဘဲ ရဲက ရောက်လာပြီးတော့ အချိန်မှီ ဟန့်တားနိုင်ခဲ့တာ ဖြစ်ပါတယ်။”

PunjLloyd အိန္ဒိယ ကုမ္ပဏီမှာ တရုတ်ကုမ္ပဏီ CNPC နှင့် ဖက်စပ် လုပ်ကိုင်နေသော ကုမ္ပဏီ တစ်ခု ဖြစ်ပြီး CNPC မှ ငွေများ မထုတ်ပေးသဖြင့် ၀န်ထမ်းများနှင့် အလုပ်သမားများကို လစာငွေ မထုတ်ပေးနိုင်ခြင်း ဖြစ်သည်ဟု PunjLloyd ကုမ္ပဏီတာဝန်ရှိသူများက ပြောဆိုသည်ဟု သိရသည်။

PunjLloyd ကုမ္ပဏီတွင် ၀န်ထမ်း ၄၀ ခန့်ရှိပြီး အစားအစာ ထောက်ပံ့သူနှင့် အုတ်၊ သဲကျောက်နှင့် အဆောက်အဦး ဆောက် လုပ်ရာတွင် လုပ်ကိုင်နေသူ နေ့စားအလုပ်သမား ၈၀ ခန့်ရှိသည်ဟု သိရသည်။

PunjLloyd ကုမ္ပဏီတွင် ၀န်ထမ်းတစ်ဦး၏ ပျမ်းမျှလစာမှာ ကျပ်ငွေ ၁၅၀၀၀၀ ခန့်ရှိပြီး နေ့စားအလုပ်သမား များမှာ အမျိုးသမီးတဦးလျှင် တနေ့လုပ်အားခ ၃၅၀၀ ကျပ်နှင့် အမျိုးသားတဦးလျှင် တနေ့လုပ်အားခ ၄၀၀၀ ကျပ်ရှိသည်ဟု သိရသည်။

PunjLloyd ကုမ္ပဏီတွင် ပြည်တွင်းမှ ၀န်ထမ်းများကို လစာမပေးသည်မှာ ၂ လ၊ အိန္ဒိယမှ ၀န်ထမ်းများကို လစာ မပေးသည်မှာ ၄ လနှင့် နေ့စားအလုပ်သမားများကို မပေးနိုင်သည်မှာ ၂ လစာ ရှိနေပြီး တင်ရှိနေသော အကြွေး ငွေ စုစုပေါင်းမှာ မြန်မာကျပ်ငွေ သိန်းပေါင်း ခြောက်သောင်းကျော် ရှိသည်ဟု ခိုင်လုံသောသတင်းများအရ သိရှိရ သည်။

ယခုကဲ့သို့ နိုင်ငံခြားကုမ္ပဏီများမှ ပေးချေရန် ရှိသည့် ငွေများကို ထုတ်မပေးဘဲ ထားသဖြင့် မြန်မာ ကန်ထရိုက်တာများ သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများကို တိုင်ကြားသော်လည်း သက်ဆိုင်ရာမှ တစုံတရာ ၀င်ရောက်ဖြေရှင်းပေးခြင်းမရှိကြောင်း ကန်ထရိုက်များက ပြောဆိုသည်။


သို့အတွက် ငွေမရဘဲ ဖြစ်နေသော ဒေသခံ ကန်ထရိုက်တာများမှာ အထူးနစ်နာမူများ ရှိနေကြောင်းနှင့် နိုင်ငံခြား ကုမ္ပဏီ တာဝန်ရှိသူများ အနေဖြင့် ပေးချေရန် ရှိသည့် ငွေများကို မရှင်းပေးဘဲ ထွက်ပြေးသွားမည်ကိုလည်း အထူးစိုးရိမ်နေကြသည်ဟု စုံစမ်းသိရှိရသည်။

No comments: