Wednesday, September 25, 2013

ဆင်းရဲချို့တဲ့သည့် ကလေးများကို အစိုးရက အာဟာရကျွေးရေးအဆိုအား တိုင်းလွှတ်တော်မှ ငါးရာခိုင်နှုန်းခန့်သာ လက်ခံ

မင်းမင်း | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၂၅ ရက် ၂၀၁၃

ဆင်းရဲချို့တဲ့သည့် ကလေးသူငယ်များအား အစိုးရမှ အာဟာရတိုက်ကျွေးရန် အမတ် တစ်ဦး၏ တိုက်တွန်းကြောင်း အဆိုကို စက်တင်ဘာ ၂၄ ရက်ကပြုလုပ်သည့် ရန်ကုန်တိုင်းလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ အမတ်အားလုံး၏ ငါးရာခိုင်နှုန်းခန့်ကသာ သဘောတူသည့်အတွက် ထိုအဆို အရေးနိမ့်သွားခဲ့သည်။

ထိုနေ့လွှတ်တော်တွင် တိုင်းအမတ် ၁၁၁ ဦး တက်ရောက်ပြီး အမတ်လေးဦးနှင့် ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်ကသာ သဘောတူသည့်အတွက် ငါးရာခိုင်နှုန်းခန့်ကသာ ထိုအဆိုကို လက်ခံသည့် သဘောဖြစ်သည်။

ရန်ကုန်တိုင်းအတွင်းရှိ ဆင်းရဲနွမ်းပါးသော မူလတန်းကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကလေးသူငယ်များအား တိုင်းအစိုးရက ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ရန်ပုံငွေတစ်ရပ်ထားရှိပြီး အာဟာရ တိုက်ကျွေးပေးရန် ဗဟန်းမြို့နယ်မှ တိုင်းအမတ် ဒေါက်တာညိုညိုသင်း၏ အဆိုကို တိုင်းလွှတ်တော်တွင်ဆွေးနွေးပြီးနောက် မဲခွဲဆုံးဖြတ်ခဲ့ရာထောက်ခံသူနည်း၍ အရေးနိမ့်သွားခြင်းဖြစ်သည်။

ထိုအဆိုကို အမတ်လေးဦးက ဆွေးနွေးခဲ့ပြီး ဒေါ်ညိုညိုသင်း၏ အဆိုအတိုင်း ရန်ကုန်တစ်တိုင်းလုံးရှိ မူလတန်းကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများရှိ ကလေးများကို တစ်လလျှင် ၁၂ ရက် အာဟာရကျွေးမည်ဆိုပါက ကျပ်သိန်းပေါင်း ၂၆၀ဝ၀ ကျော်ကုန်ကျမည်ဟု ခရမ်းမြို့နယ်မှ တိုင်းအမတ် ဦးကျော်မြင့်အောင်က အမတ်များကို ရှင်းပြသည်။

ထိုကုန်ကျစရိတ်မှာ ယင်းအနေဖြင့် "ဈေးတွက်တွက်ချက်မှုအရ သိရပါတယ်" ဟု လည်း ဆိုသည်။

အဆိုရှင် ဒေါ်ညိုညိုသင်းကမူ ထိုကဲ့သို့ တွက်ချက်မှုသည် ကောင်းမွန်သည့် စိစစ်သုံးသပ်ချက်ဖြစ်ပြီး အစိုးရအဖွဲ့၏ ဘတ်ဂျက်ကို စိစစ်သုံးသပ်သည့်အခါတွင်လည်း ယခုကဲ့သို့ စိစစ်သင့်သည်ဟု မှတ်ချက်ပြုသည်။

ထို့အပြင် ထိုကဲ့သို့တွက်ချက်မှုမှာ ရန်ကုန်တိုင်းအတွင်းရှိ ဘုန်းတော်ကြီးသင်ကျောင်းများနှင့် မူလတန်းကျောင်း အားလုံးရှိ ကလေးများအားလုံးကို တွက်ချက်ထားသည့် အတွက် "ရန်ကုန်တိုင်းက ကလေးတွေ အကုန်လုံး အာဟာရချို့တဲ့နေတဲ့သဘောဖြစ်ပါတယ်" ဟုလည်း ဒေါ်ညိုညိုသင်းကပြောသည်။

မြန်မာနိုင်ငံတွင် ရောဂါအမျိးမျိုးကြောင့် သေဆုံးခဲ့သည့် ကလေးများအနက် ၁၀ဝ လျှင် ၄၀ ဦးသည် အာဟာရ ချို့တဲ့မှုကြောင့် သေဆုံးခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေသက်ခင်က ဇူလိုင်လထဲတွင် ပြောခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းနေထိုင်သည့် ကျေးလက်ဒေသ အပါအဝင် နယ်စပ်ဒေသနှင့် မြို့ပြ ဆင်ခြေဖုန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေသည်ဟုလည်း ၎င်းကဆိုသည်။

မြန်မာကလေးသူငယ်များ အာဟာရချို့တဲ့နေမှုကို တိုက်ဖျက်မည်ဟု မြန်မာအစိုးရ ကိုယ်စားကျန်းမာရေးပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ကုလသမဂ္ဂထံ ကတိပေးထားပြီး ကမ္ဘာ့အာဟာရမြှင့်တင်ခြင်း လှုပ်ရှားမှုတွင် မြန်မာပါဝင်မည်ဟုလည်း ဝန်ကြီးက ပြီးခဲ့သည့် မေလတွင် လက်မှတ်ရေးထိုးခဲ့သေးသည်။

လက်ရှိ ၂၀၁၃ - ၂၀၁၄ဘဏ္ဍာနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနက သုံးစွဲရန် ငွေကျပ်သန်းပေါင်း ငါးသိန်းနီးပါး ကို လွှတ်တော်က ခွင့်ပြုပေးထားသည်။

No comments: