Thursday, September 19, 2013

၈၈ မတိုင်ခင် သိမ်းယူခဲ့သည့် လယ်မြေများအတွက် ကော်မရှင်တွင် စုံစမ်းခွင့်မရှိ

နေမျိုး

မြန်မာနိုင်ငံတစ်နံတစ်လျား လယ်မြေသိမ်းဆည်းခံရမှုများကို စုံစမ်းစစ်ဆေးရာတွင် တော်လှန်ရေးကောင်စီခေတ်၊မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်များက သိမ်းယူခဲ့သည့် လယ်မြေများကို ထည့်သွင်းစုံစမ်းရန်၊ မြေသိမ်းခံ ရမှုများ စုံစမ်းရေးကော်မရှင်၏ လုပ်ပိုင်ခွင့်တွင် ထည့်သွင်း ဖော်ပြထားခြင်းမရှိဟု မန္တလေးတိုင်း လယ်မြေနှင့် အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေးကော်မရှင်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်ကပြောကြားခဲ့သည်။

“ကျွန်တော်တို့ကော်မရှင်အနေနဲ့က ၈၈ နောက်ပိုင်းကိုပဲ ပြောပါတယ်။ ၈၈ ရှေ့ပိုင်း (မတိုင်ခင်က) လယ်မြေ သိမ်းတာတွေ မပါပါဘူး။ အဲဒါတွေက ကျွန်တော်တို့ အစီရင်ခံစာထဲမှာ ပါမှာမဟုတ်ပါဘူး။ ကျွန်တော်တို့တောင်သူတွေနဲ့ ပထမ တွေ့ပါတယ်။ နောက်ပြီးတော့ အခုနက သက်ဆိုင်ရာ ဌာနတွေနဲ့ တွေ့ပါတယ်။တွေ့ပြီးတော့ စာရင်းမှန်၊ မမှန်၊ ဟုတ်၊ မဟုတ်ပေါ့၊ အဲဒါတွေကို ကြားနာတာမျိုးပါပဲ”ဟု ဦးအောင်ဇင်က
ပြောကြားခဲ့သည်။

မန္တလေးတိုင်းအတွင်းတွင် တော်လှန်ရေးကောင်စီခေတ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်များက မြေသိမ်း ယူခဲ့သည့်အမှု အများအပြားရှိပြီး ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အသိမ်းခံ ယာမြေများထဲမှ အစိုးရ အသုံးချခြင်း မရှိသည့် ပိုလျှံနေသည့် မြေယာများအား မူလပိုင်ရှင်တောင်သူများထံ ပြန်လည်ဝေငှဖြေရှင်းပေးရန် တင်ပြထားမှု များလည်း ရှိနေသည်။

မြေဧက ၁၅၉ ဧကအား ယာမြေအဖြစ်လုပ်ကိုင်သူ တောင်သူများထံမှ ၁၉၇၇ ခုနှစ်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီမှ တာဝန်ရှိသူများက ၁၀ ဧကကို သိမ်းယူခဲ့ကြောင်း တောင်သူဦးသိန်းဝင်းက ပြောသည်။

“ကျွန်တော်တို့ အဖေလက်ထက်ကလည်း အစိုးရကို တင်တယ်။ ကျွန်တော် နောက်ဆုံးအကြိမ် တင်ပြတာကနေရာရှစ်နေရာကို တင်ပြတယ်။ သိမ်းတုန်းက ဘာလျော်ကြေးမှ မရဘူး။ ကျွန်တော်က ၁၀ ဧက အသိမ်းခံ လိုက်ရတယ်”ဟု ဦးသိန်းဝင်းက ပြောသည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က လယ်မြေများ သိမ်းယူစဉ် မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရသလို၊ ကိုယ်ပိုင်မြေ အသိမ်းခံခဲ့ရသူ တောင်သူဦးမြတ်ထိန်က “အဘက သုံးဧက အသိမ်းခံရတယ်။ လျော်ကြေး မပေး ပါဘူး။မှတ်မိနေတာက သူတို့လိုချင်တဲ့နေရာတွေကို စက်ကြီးနဲ့ထိုးတယ်။ လမ်းဖောက်တယ်။ သီးနှံတွေ မသိမ်းရသေးခင် အဲဒီလို လုပ်သွားတာပဲ”ဟု အသက် ၇၂ နှစ်အရွယ်ရှိ ပုသိမ်ကြီးမြို့နယ်မှ တောင်သူကြီးက ပြောသည်။

No comments: