Wednesday, September 18, 2013

တစ်ယူနစ် ၅၀၀ ကျပ်ပေးရသော ရခိုင်ပြည်နယ် မီတာခ ချက်ချင်းကျရန် မလွယ်ဟု ပြည်ထောင်စုဝန်ကြီး ပြော

ကေဇင်ဦး | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၁၈ ရက် ၂၀၁၃

တစ်ယူနစ် ငါးရာကျပ်ဝန်းကျင် ပေးသွင်းနေရသော ရခိုင်ပြည်နယ်၏ လျှပ်စစ်မီတာခနှုန်းထားမှာ ချက်ချင်း ပြန်ကျဆင်းနိုင်မည်မဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့
ပြောကြားခဲ့သည်ဟု ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်မင်းက မဇ္ဈိမကို ပြောသည်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက စက်တင်ဘာလ ၁၆ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမတွင်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ၎င်းက ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်နှင့် ပလက်ဝမြို့နယ်တို့မှ မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံကာ ကျန်ရှိသော အစိုးရသက်တမ်း လ ၃၀ အတွင်းဆောင်ရွက်သင့်သည်များကို သွားရောက် ဆွေးနွေးခြင်းဖြစ်သည်။

“မြို့နယ်အသီးသီးက ကိုယ်စားလှယ်တွေက လျှပ်စစ်မီတာဈေးနဲ့ ပတ်သက်ပြီး ၀န်ကြီးကို တင်ပြတဲ့အခါ ၀န်ကြီးက အခုရေတွင်းတူး အခုရေကြည်သောက်ဖို့ မဖြစ်နိုင်ဘူး။အချိန်ကာလတစ်ခု သည်းခံစောင့်ဆိုင်း ဖို့ပြောပါတယ်။ ဘယ်တော့လောက် လျှော့နိုင်မယ်ဆိုတာတော့ မပြောပါဘူး”ဟု ဒေါက်တာအောင်ကျော်မင်းက ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်၌ လျှပ်စစ်မီတာ တစ်ယူနစ်လျှင် ၄၅၀-၅၀၀ ကျပ် ပေးဆောင်နေရသည်ဟု ဒေသခံများက ဆိုသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ သဘာဝဓာတ်ငွေ့ကို တရုတ်နိုင်ငံသို့ ပို့လွှတ်ရန် ပိုက်လိုင်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျောက်ဖြူဒေသခံများက ကန့်ကွက်မှုများ ရှိခဲ့သည်။

ထိုသို့ အကြိမ်ကြိမ် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ပြီးနောက် စက်တင်ဘာ ၁၅ ရက်မှစကာ မီတာခ တစ်ယူနစ်လျှင် ၃၅ ကျပ်နှုန်းဖြင့် ကျောက်ဖြူနှင့်အနီးရှိ ကျေးရွာတချို့ကို လျှပ်စစ်မီး စတင် ဖြန့်ဖြူးပေးခဲ့သည်။

“မြို့ပေါ်နဲ့ ဌာနဆိုင်ရာအိမ်တွေမှာပဲ လျှပ်စစ်မီးရပြီး ဈေးကလည်း ငါးရာဝန်းကျင်ရှိပါတယ်။ ရခိုင်ပြည်နယ်က ဓာတ်ငွေ့လည်း ထွက်နေပြီဖြစ်တော့ တစ်ပြည်နယ်လုံး အများနည်းတူဈေးနှုန်းနဲ့ လျှပ်စစ်မီး ရချင်တာပေါ့” ဟုမောင်တောမြို့ အမျိုးသားဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့်က မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်းရှိ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က “တိုင်းရင်းသားတွေအားလုံး ကိုယ့်ဒေသက ထွက်တဲ့ သယံဇာတအကျိုးကို ခံစားရမှ ကျွန်တော်တို့နိုင်ငံ ငြိမ်းချမ်းမှာပေါ့”ဟု ပြောသည်။

ရခိုင်တစ်ပြည်နယ်လုံး လျှပ်စစ်မီးရရှိရေးအတွက် ထောက်ခံလက်မှတ်များ ကောက်ခံကာ အစိုးရထံ တောင်းဆိုရန် လည်း ၀န်ကြီးဦးဇော်အေးမောင်က စီစဉ်လျက်ရှိသည်။

No comments: