Sunday, September 1, 2013

အချိန်ယူ စိစစ်သွားမည်ဖြစ်၍ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ စက်မှုဇုန်လျှပ်စစ်မီးပေးရေး ကြန့်ကြာဦးမည်ဖြစ်

သီဟကိုကို

ရန်ကုန်စက်မှုဇုန်များအား လျှပ်စစ်ဓာတ်အား အပြည့်အ၀ ဖြန့်ဖြူးပေးနိုင်ရန် လုပ်ကိုင်မည့် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ၏ အဆိုပြုလွှာများအား အချိန်ယူ စိစစ်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေး အဖွဲ့၊ ရုံးအဖွဲ့မှူး ဦးကျော်ထွေးမြင့်က ပြောသည်။

ဇူလိုင်လမှ စတင်ကာ သြဂုတ် ၁၅ ရက်ထိ အဆိုပြုလွှာများ ခေါ်ယူခဲ့ရာ အဆိုပြုလွှာ ၂၀ ၀န်းကျင် ရရှိခဲ့ပြီး ယင်း အဆိုပြုလွှာများအား စိစစ်လျက်နေကြောင်း ဆိုသည်။

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည့် နည်းလမ်းများနှင့် ပတ်သက်ပြီးအဆိုပြုလွှာ တင်သွင်းထားသော ပြည်တွင်း၊ပြည်ပလုပ်ငန်းရှင်တစ်ဦးချင်းစီအား အင်ဂျင်နီယာအဖွဲ့မှ စိစစ်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ယင်းသို့ စိစစ်သွားမည်ဖြစ်၍ တင်ဒါအဖြေပေးနိုင်ရန် အချိန်ယူရဦးမည် ဖြစ်ကြောင်းကို ဦးကျော်ထွေးမြင့်က “လုပ်ငန်းရှင် တစ်ဦးချင်းစီကို ခေါ်ယူတွေ့ဆုံရမယ်၊ သူတို့အဆိုပြုထားတဲ့ နည်းလမ်းတွေကိုလည်း စစ်ရဦးမယ် ဆိုတော့ အချိန်ဘယ်လောက်ကြာမလဲဆိုတာတော့ ပြောလို့မရဘူး” ဟု ပြောသည်။

၂၀၁၄ ခုနှစ်တွင် စက်မှုဇုန်များအား နိုင်ငံတော်အစိုးရမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းအား ရပ်ဆိုင်းမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဥာဏ်ထွန်းဦးက ၂၀၁၄ တွင် လည်း စက်မှုဇုန်များကို အစိုးရမှ ဆက်လက်ပေးသွားမည်ဖြစ်ကြောင်းဆိုထား သည်။

ဦးဉဏ်ထွန်းဦးက ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ စက်မှုဇုန်များအား လျှပ်စစ်ဓာတ်အားပေးရန်ဆောင်ရွက်ခြင်းမှာ အစိုးရမှပေးသော လျှပ်စစ်ဓာတ်အားရပ်ဆိုင်းရန် မဟုတ်ဘဲ တစ်ဖက်တစ်လမ်းမှ အထောက်အကူပေးရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်းဆိုထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် စက်မှုဇုန် ၁၅ ခုရှိပြီး ဇူလိုင်လကုန်ပိုင်းမှ စတင်ကာ လျှပ်စစ်ဓာတ်အား အပြည့်ပေးထားကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က ထုတ်ပြန်ထားသည်။

စက်မှုဇုန် လုပ်ငန်းရှင်များသည် မိုးတွင်းကာလတွင် လျှပ်စစ်ဓာတ်အား အပြည့်အ၀ရရှိသော်လည်း ပွင့်လင်းရာသီရောက်ချိန်တွင် လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခံရခြင်းများကို ကြုံတွေ့နေရလေ့ရှိသောကြောင့် ကုန်ထုတ် လုပ်ငန်းများ များစွာ နစ်နာဆုံးရှုံးမှုများ ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

စက်မှုဇုန်လုပ်ငန်းရှင်များနှင့် ပြည်တွင်း၊ ပြည်ပကုမ္ပဏီတစ်ခု ပူးပေါင်း၍ အများပိုင်ကုမ္ပဏီတစ်ခုဖွဲ့ကာ အဆိုပြုလွှာ တင်ထားကြောင်း စက်မှုဇုန်လုပ်ငန်းရှင်များထံမှ သိရသည်။

No comments: