Monday, September 9, 2013

ဘောလခဲမြို့နယ်အတွင်းရှိ ရွာတချို့ လမ်းသစ်ဖောက်လုပ်ပေး

ဆန်းဖြိုးထွန်း

ကယား(ကရင်နီ)ပြည်နယ် ဘောလခဲမြို့နယ်အတွင်းရှိ ကျေးလက်ကျေးရွာ တချို့သို့ သွားလာ ဆက်သွယ်သည့် လမ်းများလွယ်ကူစေရန် ပြည်နယ်အစိုးရမှ လမ်းသစ်ဖောက်လုပ်ပေးနေသည်ဟု ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးချစ်လှက ပြောသည်။

"ပြည်နယ်တိုးတတ်ဖွံ့ဖြိုးရေးအတွက်က လမ်းပန်းဆက်သွယ်ရေးက အဓိကဖြစ်တယ်။ ဒါကြောင့် ပြည်နယ်အစိုးရ ကလည်း ပြည်သူလူထုအတွက်ရယ် တို့ပြည်နယ်ဖွံ့ဖြိုးဖို့ အတွက်ရယ် ဒီလမ်းပန်းဆက်သွယ်ရေးကို အတတ်နိုင်ဆုံးဒါ လုပ်ပေးနေတယ်"
အသစ်ဖောက်လုပ်သည့်လမ်းများတွင် ဘောလခဲမြို့ ပွန်ချောင်းတစ်ဖက် ကမ်းရှိ မိုင်းထမ်း-နန်းနောက် - ၀မ်ချယ် - ချီကွဲ့ - ဆောင်းလော့ - ဖားဆောင်းမြို့ သံလွင်တစ်ဖက်ကမ်းရှိ ၀မ်အောင်းလမ်း ကျေးရွာသို့ စုစုပေါင်း (၂၅) မိုင်တစ်လမ်းနှင့် ဘောလခဲ - ဒေါညေးခူ (၁၂) မိုင်ကျော်ခန့် တစ်လမ်း ဖြစ်သည်ဟု သိရသည်။

ပြည်နယ်အင်ဂျင်နီယာမှူး ဦးခင်မောင်ဖြူက “ကျနော်တို့ လမ်းသစ်ဖောက်ပေးမယ်ပေါ့ နှစ်လမ်းပေါ့ ခုစဖောက်နေပါပြီ ဒီနှစ်ကုန်ကျရင်တော့ ဒီလမ်းတွေပြီးမယ် လမ်းသစ်နှစ်လမ်းတိုးတာပေါ့” ဟု ပြောသည်။

မိုင်းထမ်းမှ ဝမ်အောင်းလမ်းအထိသွားသည့် လမ်းများသည် မြေသားလမ်းများသာဖြစ်ပြီး မိုးရာသီတွင် သွားလာ၍ ခက်ခဲသည့်လမ်းဖြစ်သည်ဟု သိရသည်။

ဘောလခဲ မှ ဒေါညေးခူသို့ သွားသောလမ်းကို စတင်ဖောက်လုပ် နိုင်ရန်အတွက် လမ်းအူတိုင်များကို စတင်ရှာဖွေနေပြီဖြစ်ကြောင်း သိရသည်။ ဒေါညေးခူကျေးရွာမှ ကလေးအများစုသည် အခြေခံပညာ အထက်တန်းကျောင်းကို ဘောလခဲမြို့သို့ လာရောက် သင်ကြားနေကြရတာဖြစ်ပြီး ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စသည့် အခန်းကဏ္ဍတွင် အထောက်အကူ ဖြစ်စေမှာဖြစ်သည်ဟု သိရသည်။

ပြည်နယ်အတွင်းရှိ ယခုနှစ် ဘတ်ဂျက်အတွင်းတွင် လမ်းများပြုပြင်ဖောက်လုပ်ပေးနေသည့် အပိုင်းတွင်း ပြည်ထောင်စု အစိုးရစီမံခန့်ခွဲသည့်လမ်းသည် စုစုပေါင်း (၃၃၄)မိုင် ၄ ဖါလုံရှိပြီး ပြည်နယ်အစိုးရ စီမံခန့်ခွဲသည့် လမ်းသည် စုစုပေါင်း (၂၅၆) မိုင် ၁ဖါလုံ ရှိသည်ဟု သိရသည်။

No comments: