Wednesday, September 25, 2013

မြန်မာမှာ ဆင်းရဲမှုနဲ့ လက်နက်ကိုင် ပဋိပက္ခကြောင့် မူးယစ်မှောင်ခိုကူးမှု ပိုများလို့ဆို

ABC

မြန်မာနိုင်ငံအတွင်းက ​ဆင်းရဲမွဲတေမှုနဲ့ ​လက်နက်ကိုင် ​ပဋိပက္ခတွေကြောင့် ​ဘိန်းစိုက်ပျိုးမှုတွေနဲ့ ​မူးယစ်ဆေး ​မှောင်ခိုကုန်ကူးမှုတွေပိုမို ​များပြားလာတာဖြစ်တယ်လို့ ​မြန်မာနိုင်ငံ ​ရဲချုပ် ​ဇော်ဝင်းက ​အရှေ့တောင်အာရှ ​အာဆီယံ ​နိုင်ငံများအသင်း ​၃၄ ​ကြိမ်မြောက် ​အစည်းအဝေးဖွင့်ပွဲမှာ ​ပြောသွားခဲ့ပါတယ်။

ဒီလို ​ဘိန်းစိုက်ပျိုး ​ထုတ်လုပ်မှုတွေ ​ရော့ကျ ​ပပျောက် ​သွားဖို့ ​အတွက်နဲ့ ​ဒေသထဲမှာရှိတဲ့ ​လူတွေ ​ဆင်းရဲ ​မွဲတေမှု ​လျော့ချရေးနဲ့ ​လူမှုအဆင့်တန်း ​မြင့်တင်ရေး၊ ​ကျန်းမာရေးနဲ့ ​ပညာရေး ​မြင့်တင် ​ပေးဖို့အတွက် ​ရည်ရွယ်ပြီးတော့ ​ဘိန်းအစားထိုး ​သီးနှံ ​စိုက်ပျိုးမှု ​အစီအစဉ်တွေကို ​အကောင်အထည် ​ဖော်နိုင်ဖို့အတွက် ​ထိုင်းနိုင်ငံ ​တရုတ်နိုင်ငံနဲ့ ​ကုလသမဂ္ဂ ​မူးယစ်ဆေးဝါးနဲ့ ​ရာဇ၀တ်မှု ​နှိမ်နှင်းရေးအဖွဲ့နဲ့ ​ပူးတွဲ ​လုပ်ဆောင်နေတယ်လို့ ​လည်း ​ရဲချုပ် ​ဇော်ဝင်းကပြောပါတယ်။

အဲ့ဒါအပြင် ​လွန်ခဲ့တဲ့ ​ခြောက်နှစ်က ​စပြီးတော့ ​amphetamine ​ခေါ် ​စိတ်ကြွဆေးပြား ​မှောင်ခိုကုန်ကူးမှုတွေ ​ပိုမိုတိုးလာတဲ့အကြောင်း၊ ​များသောအားဖြင့် ​အိန္ဒိယနယ်စပ်ကနေ ​၀င်လာတာဖြစ်တဲ့အကြောင်း ​ရဲချုပ် ​ဇော်ဝင်းကပြောပါတယ်။ ​မူးယစ်ဆေးမှောင်ခို ​ကုန်ကူးမှုတွေကို ​ဖမ်းဆိးနှိမ်နှင်းနိုင်ဖို့ ​အတွက် ​အိန္ဒိယနိုင်ငံပူးပေါင်းပြီးတော့ ​နယ်စပ်ဒေသမှာ ​စစ်ဆေးရေး ​ဂိတ်တွေပိုမို ​ချထားတယ်လို့လည်း ​ဆိုပါတယ်။

ပြီးတော့ ​အရှေ့တောင်အာရှ ​အာဆီယံနိုင်ငံတွေမှာ ​မူးယစ်ဆေးဝါးလုံးဝပပျောက်ရေးအတွက် ​ချမှတ်ထားတဲ့ ​သတ်မှတ်ချိန်ဟာ ​၂နှစ်သာ ​ကျန်တော့တဲ့အတွက် ​ဒေသတွင်းစီမံကိန်းအတွက် ​ရရှိတဲ့အချက်အလက်တွေကို ​အာဆီယံနိုင်ငံတွေအနေနဲ့ ​မျှဝေကြဖို့နဲ့ ​တရားဥပဒေ ​စိုးမိုးရေးကဏ္ဍမှာ ​ပိုမိုတိုးချဲ့ ​ပူးပေါင်းလုပ်ဆောင်ဖို့ ​ရဲချုပ် ​ဇော်ဝင်းက ​အာဆီယံနိုင်ငံတွေကို ​တောင်းဆိုလိုက်ပါတယ်။

အာဆီယံဖွဲ့ဝင်နိုင်ငံတွေထဲမှာ ​ဘရူနိုင်း၊ ​ကမ္ဘောဒီးယား၊ ​အင်ဒိုနီးရှား၊ ​လာအို၊ ​မလေးရှား၊ ​မြန်မာ၊ ​ဖိလိပိုင်၊ ​စင်္ကာပူ၊ ​ထိုင်းနဲ့ ​ဗီယက်နမ်နိုင်ငံတို့ ​ပါဝင်ပါတယ်။

No comments: