Tuesday, September 24, 2013

ကမ္ဘာ့အလားလာအရှိဆုံး နိုင်ငံရေးသမား ၃၀ ဦးတွင် ချင်းအမျိုးသားတဦးပါဝင်

ခိုနူမ်းထုန်

အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေစိုက် National Endowment for Democracy (NED) မှ ရွေးချယ်သော အသက် ၃၀ အောက် ကမ္ဘာ့အလားအလာအရှိဆုံး နိုင်ငံရေးသမား ၃၀ ဦးထဲတွင် မြန်မာနိုင်ငံမှ ချင်းတိုင်းရင်းသားတဦးပါဝင်သည်။

ချင်းအမျိုးသားပါတီမှ အထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်းသည် NED ၏ နှစ် ၃၀ ပြည့် အထိမ်းအမှတ် အနေဖြင့် ရွေးချယ်သော ကမ္ဘာ့နိုင်ငံပေါင်း ၂၀ ကျော်မှ အသက် ၃၀ အောက် ကမ္ဘာ့အလား အလာအရှိဆုံး နိုင်ငံရေးသမား အယောက် ၃၀ ထဲတွင် ပါဝင်ထည့်သွင်းဂုဏ်ပြုခံရခြင်းဖြစ်သည်။

ဒီမိုကရေစီလှုပ်ရှားမှုများအား ကူညီထောက်ပံ့ပေးနေသော အဖွဲ့အစည်းများတွင် အကြီးဆုံးအဖွဲ့တခုဖြစ်သည့် NED ကို ၁၉၈၃ ခုနှစ်တွင် အမေရိကန် ကွန်ကရက်မှ စတင်တည်ထောင်ခဲ့ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်တွင် ရုံးခွဲများဖွင့်လှစ် ထားသည်ဟုသိရသည်။

“ ဒီမိုကရေစီအပြောင်းအလဲအတွက် ကြီးမားတဲ့စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတဲ့ နိုင်ငံမှာ Salai Ceu Bik Thawng ဟာ အရည်အသွေးရှိတဲ့ တိုင်းရင်းသားလူငယ်ခေါင်းဆောင်တဦးဖြစ်သလို စံပြပုဂ္ဂိုလ်လည်းဖြစ်တယ်’’ ဟု NED အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

မြန်မာနိုင်ငံမှ Salai Ceu Bik Thawng နှင့်အတူ အရွေးချယ်ခံရသူများမှာ ကမ္ဘာပေါ်တွင် ဒီမိုကရေစီအ ပြောင်းအ လဲအ တွက် စိန်ခေါ်မှု အကြီးမားဆုံးနိုင်ငံများဖြစ်သည့် ဇင်ဘာတွေ၊ ဘီလာရုစ်၊ မြောက်ကိုရီးယာ၊ အဖဂန်နစ္စတန်၊ လိုက်ဘေး ရီးယာ နှင့် ကာဂျစ်စတန်နိုင်ငံမှပုဂ္ဂိုလ်များဖြစ်ကြသည်။

ယခုလို ရွေးချယ်ခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး Salai Ceu Bik Thawng က “ ဘာသာရေးအရရော၊ လူမျိုး ရေးအရရော လူနည်းစုတွေဖြစ်တဲ့၊ ဘေး ရောက်နေတဲ့သူတွေကိုတောင်မှ သူတို့က ဖော်ထုတ်ပြီး ရှေ့ကို တင်ပေးနိုင်တယ်ပေါ့လေ၊ ကျနော်လည်းဝမ်းသာပါတယ်၊ ကျနော်တို့ ချင်းလူမျိုးနဲ့အတူ မြန်မာနိုင်ငံက တိုင်းရင်းသားတွေကို ကမ္ဘာက သိတာပေါ့ နော်၊ ကျနော်တို့ရဲ့လှုပ်ရှားမှုလေးတွေက ကြီးကြီးမားမား မဟုတ်သည့်တိုင်အောင် ကျနော်တို့လုပ်တဲ့အ ရာလေးတွေကို ကမ္ဘာက သိနေတယ်ပေါ့၊ ကျနော်တို့ရဲ့ ခံစားချက်တွေ၊ လူနည်းစုတွေရဲ့ခံစားချက်တွေကို ကမ္ဘာက သိနေပါလားဆို တဲ့ဟာလေးပေါ့၊ အဲလိုမျိုးကျနော်ခံစားမိတယ်ဗျ” ဟု ခိုနူမ်းသုန် ကိုပြောသည်။

No comments: