Tuesday, September 24, 2013

ရွှေဝါရောင် ခြောက်နှစ်ပြည့်အောက်မေ့ဖွယ်အခမ်းအနား မန်းတွင် လုပ်ဦးမည်

နေမျိုး | အင်္ဂါနေ့၊ စက်တင်ဘာလ ၂၄ ရက် ၂၀၁၃

၂၀ဝ၇ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် ရွှေဝါရောင်တော်လှန်ရေး သံဃလှုပ်ရှားမှုကို မမေ့ပျောက်စေရန် ခြောက်နှစ်ပြည့် အထိမ်းအမှတ်ကို စက်တင်ဘာ ၂၆ ရက်တွင် မန္တလေးမြို့ ကံတက်ကုန်း ကျောင်းတိုက်တွင် ကျင်းပသွားမည်ဖြစ်ပြီး အခမ်းအနားတွင် သိမ်းဆည်းလယ်မြေများ ပြန်ပေးရန် အစိုးရထံသို့ တောင်းဆိုသွားမည်ဟု ကံတက်ကုန်းကျောင်းတိုက် ဆရာတော်ဦးကာဝိယက မိန့်သည်။

"အခြေခံဥပဒေ ပြုပြင်ပြောင်းလဲပေးရေး၊ သိမ်းဆည်လယ်ယာမြေများ မူလလယ်သမားထံ ပြန်လည် အပ်ပေးရေး၊တောင်းဆိုမယ် မှတ်မှတ်ရရ အဲဒီတုန်းက (စက်တင်ဘာ ၂၀ဝ၇ ခုနှစ်) ဦးဇင်း ထောင်က လွှတ်စ ခုနစ်ရက်ပဲ ရှိသေးတယ်။ ရွှေဝါရောင် တော်လှန်ရေးမှာ မေတ္တာပို့ ဆုတောင်းနေတဲ့ သံဃာတွေ အသံကြားလိုက်တော့ မျက်ရည်တောင်ကျမိတယ်ကွာ။ သူတို့နဲ့ ထပ်တူထပ်မျှ ခံစားရတာပေါ့" ဟု မိန့်ကြားသည်။

ရွှေဝါရောင် တော်လှန်ရေးခြောက်နှစ်ပြည့် အထိမ်းအမှတ် ဖြစ်မြောက်ရေး ကော်မတီအား နာယကဆရာတော် ငါးပါးဖြင့် ဖွဲ့စည်းထားပြီး ရွှေဝါရောင် သံဃာထုလှုပ်ရှားမှု သမိုင်းအား ပျောက်ပျက်မသွားစေရန် အလေးဂရုပြုကာ ကျင်းပသွားမည်ဖြစ်ကြောင်း ဆရာတော် ဦးကာဝိယက ဆက်လက်မိန့်ဆိုခဲ့သည်။

ဆရာတော်သည် ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကာလ အထက်ဗမာပြည် မန္တလေးမြို့တွင် ဂဠုန်နီ ဆရာတော်အဖြစ် ထင်ရှားခဲ့ပြီး ဦးဆောင်ပါဝင်ခဲ့သဖြင့် စစ်အစိုးရ၏ထောင်တွင်း အကျဉ်းချခြင်း ခံခဲ့ရသူ ဖြစ်သည်။

ရွှေဝါရောင်တော်လှန်ရေးကာလက မန္တလေးတွင် သံဃာနှင့်ကျောင်းသားအတူ ပူးပေါင်းလုပ်ဆောင်ခဲ့သလို ယခု ခြောက်နှစ်ပြည့် အထိမ်းအမှတ်တွင်လည်း သက်ဆိုင်တဲ့ သမဂ္ဂတွေ အားလုံးပါဝင်လာမည်ဖြစ် ကြောင်း ၈၈ကျောင်းသားဟောင်း တစ်ဦးဖြစ်သူ ကိုညီညီကျော်က ပြောသည်။

"အဓိကကတော့ သံဃာတွေ ပါမှာပါ။ ကျောင်းသားတွေကတော့ ပူးပေါင်းကြမှာပါ။ သာမန်ပွဲ မဟုတ်ပါဘူး။နိုင်ငံရေးအနှစ်သာရပါတဲ့ သဘောထားကြေညာချက် တစ်စောင် ထုတ်ပြန်ပါမယ်" ဟု ၎င်းက ဆိုသည်။

၂၀၁၂ခုနှစ်က ကျင်းပသည့် ရွှေဝါရောင် ငါးနှစ်ပြည့်မြောက်အခမ်းအနားကိုလည်း မန္တလေးမြို့တွင် စုစုစည်းစည်း ကျင်းပနိုင်ခဲ့သည်။

၂၀ဝ၇ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် စစ်အစိုးရဆန့်ကျင်ရေး အရေးအခင်းသည် ရွှေဝါရောင်တော်လှန်ရေး ဟု အမည်ပေးခဲ့သည်မှာ ထိုလူထုလှုပ်ရှားမှုကြီးကို သံဃာတော်များက ဦးဆောင်ခဲ့ခြင်းဖြစ်သဖြင့် သံဃာတော်များ ဝတ်ရုံသည့် သင်္ကန်းအရောင်ကို အစွဲပြု၍ မှည့်ခေါ်ကြခြင်းဖြစ်သည်ဟုသိရသည်။

အစိုးရ၏နှိမ်နင်းမှုကို စုံစမ်းစစ်ဆေးရန် လူ့အခွင့်အရေး အထူးကိုယ်စားလှယ်စေလွှတ်ခဲ့သည့် ကုလသမဂ္ဂ အဖွဲ့ကြီး၏ အဆိုအရ ဤနှိမ်နင်းမှုတွင် အနည်းဆုံး ၃၁ ဦးသေဆုံးခဲ့ပြီး၊ ထောင်ပေါင်းများစွာ အဖမ်းအဆီးခံရ၊ ထိန်းသိမ်းခံခဲ့ရသည်ဟု ဆိုသည်။

No comments: