Wednesday, September 11, 2013

နယ်စပ် အခြေစိုက် လူမှုအဖွဲ့အစည်း များအား မွန်ပြည်သစ်ပါတီ တွေ့ဆုံ

ရွှေဟင်္သာ

မွန်ပြည်သစ် ပါတီ၏ တွဲဖက် အတွင်းရေးမှူး (၁) နိုင်အောင်မင်း ဦးဆောင်သည့် ဗဟို တွေ့ဆုံ ရှင်းလင်းရေး ကိုယ်စားလှယ် အဖွဲ့တို့သည် စက်တင်ဘာလ (၉) ရက်နေ့တွင် နယ်စပ် အခြေစိုက် အဖွဲ့အစည်း များအား စံခလပူရီ မြို့၌ တွေ့ဆုံ ခဲ့သည်။

လက်ရှိ မွန်ပြည်သစ် ပါတီနှင့် အစိုးရတို့ ရရှိ ထားသော အပစ်အခတ် ရပ်စဲရေး အခြေ အနေများ၊ နိုင်ငံတကာ အကူအညီ ပေးရေး အဖွဲ့ များနှင့် တွဲဖက်ကာ ဒေသ ဖွံ့ဖြိုးရေး လုပ်ဆောင် နေသည့် အခြေ အနေများ၊ ကလေး စစ်သား အသုံး မပြုရေးနှင့် ပတ်သက်၍ နိုင်ငံတကာနှင့် သဘောတူ ထားသည့် အပေါ် လုပ်ဆောင် ချက်များ စသည် တို့ကို နယ်စပ် အခြေစိုက် လူမှု အဖွဲ့အစည်း များအား တွေ့ဆုံကာ ရှင်းလင်း တင်ပြ ခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက မြိတ်ခရိုင်၌ ဖြစ်ပွား ခဲ့သည့် အစိုးရ တပ်နှင့် မွန်ပြည်သစ် ပါတီ တပ်တို့ အကြား ပစ်ခတ် ခဲ့မှု ကိစ္စ အားလည်း ဒုတိယ ဗိုလ်မှူးကြီး ဗညားချမ်းနွန်က ရှင်းလင်း တင်ပြ ခဲ့ပါသည်။

“ဒီဒေသမှာ အခြေစိုက် တပ်တွေ ထားရှိ ထားတဲ့ ကိစ္စက အပစ် အခတ် ရပ်စဲရေး တွေ့ဆုံ ဆွေးနွေးကြ ကတည်းက တင်ပြ ဆွေးနွေး ထားတဲ့ ကိစ္စ တစ်ခု ဖြစ်တယ်၊ ကျွှန်တော်တို့ တပ်တွေ အဲဒီ ဒေသမှာ တပ်တည် ရှိတာကို ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် ကလည်း သိတယ်” ဟု ၄င်းတွေ့ဆုံပွဲတွင် စစ်ဦးစီး ကော်မီတီဝင် ဒုတိယ ဗိုလ်မှူးကြီး ဗညားချမ်းနွန်က ရှင်းလင်း တင်ပြ ခဲ့ပါသည်။

ထိုပစ်ခတ်မှုကို အစိုးရ ဘက်မှ အခြား မွန်ခွဲထွက် အဖွဲ့ တစ်ခုဖြစ်သည့် နိုင်ပန်းညွှန့် အဖွဲ့ဟု ထင်မှတ်ကာ မှားယွင်း ပစ်ခတ် ခဲ့ကြောင်း အကြောင်းပြ ထားသော်လည်း ၄င်းမှာ ခိုင်လုံသည့် အကြောင်းပြချက် မဟုတ်ဟု ဒုတိယ ဗိုလ်မှူးကြီး ဗညား ချမ်းနွန်က တွေ့ဆုံပွဲ၌ ပြောဆို သွားခဲ့သည်။

ယခု အချိန် အထိပင် ၄င်းနှစ်ဖက် လက်နက်ကိုင် ပဋိပက္ခ ဖြစ်စဉ် ပျက်ဆီး ဆုံးရှူံး သွားသည့် စခန်း နေရာ၊ အိမ်ခြေ များအား ပြန်လည် တည်ဆောက် နိုင်သေးခြင်း မရှိသေးကြောင်း ၄င်းဒေသ အခြေစိုက် တပ်မှူး တဦး ဖြစ်သူ ဗိုလ်မှူး ဟံသာဇွဲ က ပြောသည်။

မွန်ပြည်သစ် ပါတီ အနေဖြင့် အစိုးရနှင့် နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေး ရေးအား ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ၏ ဦးဆောင် မှုဖြင့် သွားမည် ဖြစ်သော်လည်း၊ ပါတီ နိုင်ငံရေးနှင့် ပတ်သက်၍မူ မိမိတို့၏ နိုင်ငံရေး လမ်းစဉ် မူဝါဒများ ချမှတ် ထားပြီး ဖြစ်ကြောင်း တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) နိုင်အောင်မင်းက ၄င်းတွေ့ဆုံ ပွဲတွင် ပြောကြား ခဲ့သည်။

ထို့ပြင် လာမည့် စက်တင်ဘာ လကုန်၌ မော်လမြိုင် မြို့၌ ပြုလုပ်ရန် ရှိသည့် မွန်အမျိုးသား နှီးနှော ဖလှယ်ပွဲ ကျင်းပရန် ကိစ္စ၊ ဆွေးနွေးမည့် အကြောင်းအရာ စသည်တို့ ကိုလည်း ဆွေးနွေး ခဲ့ကြသည်။

၎င်းဗဟို တွေ့ဆုံ ရှင်းလင်းရေး အဖွဲ့အား မွန်ပြည်သစ် ပါတီ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) နိုင်အောင်မင်းမှ ဦးဆောင်ကာ၊ စစ်ဦးစီး ကော်မီတီဝင် ဒုတိယ ဗိုလ်မှူးကြီး ဗညားချမ်းနွန်၊ သုသေတနနှင့် ဗဟာဗျူဟာ လေ့လာရေး ဌာန တာဝန်ခံ ဗိုလ်မှူး သီရိမွန်ချမ်း တို့မှ ဦးဆောင်၍ ရှင်းလင်း တင်ပြ ခဲ့ခြင်း ဖြစ်သည်။

နယ်စပ် အခြေစိုက် လူငယ်အဖွဲ့များ၊ ပညာရေး၊ ကျန်းမာရေး၊ ကယ်ဆယ် ရေးနှင့် ပြန်လည် နေရာ ချထားရေးနှင့် အမျိုး သမီးနှင့် ကလေး အခွင့်အရေး စသည့်လူမှု အဖွဲ့ အစည်း များနှင့် တသီး ပုဂ္ဂလ စိတ်ပါ ဝင်စား သူများ ကိုယ်စား လှယ်ပေါင်း (၄၀) ခန့် တက်ရောက် ခဲ့ကြပါသည်။

ဆက်လက် ၍လည်း ၄င်း နိုင်အောင်မင်း ဦးဆောင်သည့် ဗဟို တွေ့ဆုံ ရှင်းလင်းရေး ကိုယ်စားလှယ် အဖွဲ့ တို့သည် မွန်ပြည်သစ် ပါတီ ထိန်းချုပ် ဒေသ နယ်စပ် တလျောက်ရှိ ရွာများမှ ပြည်သူ မျာအား လည်းကောင်း၊ ဘုရားသုံးဆူ မြို့ပေါ်ရှိ မွန်ပြည်သူ မျာအား လည်းကောင်း ဆက်လက် တွေ့ဆုံ သွားမည် ဖြစ်သည်။


ဤ အလားတူပင် မွန်ပြည်သစ် ပါတီ ထိန်းချုပ် ဒေသရှိ ခရိုင် အလိုက် မော်လမြိုင် ခရိုင်၊ သထုံခရိုင်၊ ထားဝယ် ခရိုင် တို့၌လည်း သက်ဆိုင်ရာ ဗဟို အလုပ် အမှုဆောင်၊ ဗဟို ကော်မီတီဝင် များနှင့် စစ်ဦးစီး အဖွဲ့ဝင် များက ဦးဆောင်၍ အလားတူ ဒေသခံ လူထု များနှင့် တွေ့ဆုံကာ ရှင်းလင်း တင်ပြမှုများ လုပ်ဆောင် နေလျက် ရှိကြောင်း သိရှိ ရသည်။

No comments: