Tuesday, September 24, 2013

တရုတ်နိုင်ငံနှင့် ကောင်းမွန်သည့် ဆက်ဆံရေး ထိန်းသိမ်းရန် ဒေါ်စု ကတိပြု

အောင်မင်း

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံများအားလုံးနှင့် ကောင်းမွန်သော ဆက်ဆံရေးအား ထိန်းသိမ်းသည့် မူဝါဒအား ဆက်လက်တည်ရှိနေလိမ့်မည်ဟု မျှော်လင့်ကြောင်း လွန်ခဲ့သော စနေနေ့တွင် ပြောကြားလိုက်သည်။

ထို့အပြင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ အပါအ၀င် အခြားကမ္ဘာ့နိုင်ငံများအားလုံးနှင့် ကောင်းမွန်သည့် ဆက်ဆံရေးအား ထိန်းသိမ်းသော မှတ်တမ်းကောင်းများ ရှိသည်ဟုလည်း သူက ပြောသည်။

ထို့အတူ မြန်မာနိုင်ငံသည် ၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်သူ့သမ်္မတနိုင်ငံ တည်ထောင်ခြင်းကို အသိအမှတ်ပြုသည့် ပထမဆုံးနိုင်ငံဖြစ်သည်ဟုလည်း သူမက ဆိုသည်။

““ကျွန်မအနေနဲ့ ကမ်္ဘာပေါ်မှာရှိတဲ့ နိုင်ငံအားလုံးနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို ထိန်းသိမ်းတဲ့ မူဝါဒါကို မထိန်းသိမ်းသင့်ဘူး လို့ ဘယ်လိုမှ မြင်လို့မရပါဘူး” ဟု စင်ကာပူထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာသည့် စီးပွားရေးခေါင်းဆောင် များနှင့် အခြားပုဂ်္ဂိုလ်များအား သူက ပြောကြားလိုက်ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကော်မတီ၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူနေသည့်ဒေါ်အောင်ဆန်းစုကြည်မှာ လွန်ခဲ့သော သောကြာနေ့တွင် စင်ကာပူနိုင်ငံသို့ ရောက်ရှိခဲ့သည်။ သူသည် စင်ကာပူအစိုးရ ထိပ်တန်းခေါင်းဆောင်များ၊ ၀န်ကြီးများနှင့် တွေ့ဆုံရန် စီစဉ်ထားသည့်အပြင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့နှင့် အခြားအဖွဲ့များနှင့်လည်း တွေ့ဆုံရန် စီစဉ်ထားသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးမှာ အလွန်အရေးကြီးကြောင်းနှင့် မြန်မာနိုင်ငံ၏ ပွင်းလင်း လာသည့် အခြေအနေများနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးတို့အား နောက်ကြောင်းပြန် လှည့်စေမည့် အခြေအနေ များအား ကူညီကာကွယ်သည့်အနေဖြင့် နိုင်ငံတကာမှ အမြင်သဘောထားများ ပေးကြရန်လည်း စင်ကာပူနိုင်ငံတွင်ရောက်ရှိနေစဉ် အတွင်းပြောကြားထားသည်။

ထို့အတူ လာမည့်တစ်နှစ် နှစ်နှစ်တာ ရေတိုကာလအတွင်း မြန်မာနိုင်ငံ၏ အရေးကြီးဆုံးသော လုပ်ငန်းစဉ်မှာ တရားဥပဒေစိုးမိုးမှု အခြေအနေများနှင့် အမှီခိုကင်းမဲ့သော

တရားစီရင်မှုများ တိုးတက်လာရေးအတွက် တွန်းအားပေး ဆောင်ရွက်ရေးပင်ဖြစ်သည်ဟုလည်း သူကဆိုသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ရေးနှင့် ရေရှည်တိုးတက်သည့် ပြုပြင်ပြောင်းလဲရေး များ အတွက်လည်း တောင်းဆိုခဲ့သည်။

“၂၀၁၅ ခုနှစ်မတိုင်ခင် လိုအပ်တဲ့ အဆင့်တွေကို ဆောင်ရွက်မှုမရှိဘူးဆိုရင် အဲဒီအချိန်ကျရင် အရမ်းကို နောက်ကျ သွားပါ လိမ့် မယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သတ်၍လည်း မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများအနေဖြင့် တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုများ ရှိသင့်ကြောင်းပြောကြားသည်။

“ကျွန်မအနေနဲ့ တော်တော်များများ တောင်းဆိုနေတာကို သိပါတယ်။ ကျွန်မတို့ လိုအပ်တာက တလေးတစားရှိတဲ့ အမြော်အမြင်ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေပါ။ ကျွန်မတို့ နိုင်ငံရဲ့ နေရာအများစုက

ကျေးလက်ဒေသ တွေပါ။ ဒါကြောင့် ကျွန်မတို့နိုင်ငံသားအများ စုရဲ့ လူနေမှုအဆင့်အတန်းကို မြှင့်တင်ချင်တယ်ဆိုရင် ကျွန်မတို့အနေနဲ့ ကျေးလက် ဖွံ့ဖြိုးရေးကဏ္ဍကို ကြည့်ရပါမယ်။ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ အပေါ်ကိုလည်း ကြည့်ရှုသင့်ပါတယ်” ဟု ဆိုသည်။

နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများအနေဖြင့် ၎င်းတို့၏ မြန်မာနိုင်ငံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများအား တိုးမြင့်ရန် တောင်းဆိုသွား ခဲ့သည့်အပြင် ၎င်းတို့အနေဖြင့် “တာဝန်ယူမှုရှိနိုင်သမျှရှိရန်”ကိုလည်း ပြောကြားသည်။

“ဒါကြောင့် သင်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဆက်လုပ်ပါ။ ဒါပေမဲ့ ကျေးဇူးပြုပြီး တာဝန်ယူမှု ရှိပါစေ။ ကိုယ်ချင်းစာနာမှုနဲ့ ရင်းနှီးမြှုပ်နှံပါ”ဟု ဆိုသည်။

ဆန္ဒပြမှုများနှင့် ကြုံတွေ့ခဲ့ရသည့် အငြင်းပွားဖွယ် လက်ပံတောင်းတောင်စီမံကိန်းမှာ ပွင့်လင်းမြင်သာမှု မရှိသည့်အတွက်ကြောင့် ဖြစ်သည်ဟုလည်း သူမက ဆိုသည်။

“စာချုပ်ချုပ်တဲ့အချိန်တုန်းကသာ ပွင့်လင်းမြင်သာမှု ရှိခဲ့မယ်ဆိုရင် လက်ရှိဖြစ်နေတဲ့ ပြဿနာတွေကို ရှောင်နိုင်မှာပါ။ ဒါကြောင့် သင့်တို့အနေနဲ့ ဘာပဲလုပ်လုပ် ကျေးဇူးပြုပြီး ပွင့်လင်းမြင်သာအောင် လုပ်ကြပါ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်မှာ လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဦးဆောင်ခဲ့ပြီး စာချုပ်အားပြောင်းလဲ ပြင်ဆင်ချုပ်ဆိုရန် အကြံပေးခဲ့သည်။

No comments: