Friday, September 20, 2013

ရခိုင်နယ်စပ် လုံခြုံရေးအားနည်းဟု ဆို ရဲအင်အားနှင့် စခန်းများ တိုးမြှင့်ပေးရန် တင်ပြ

ကေဇင်ဦး

ရခိုင်ပြည်နယ် နယ်စပ်လုံခြုံရေး အားနည်းနေသည်ဟုဆိုကာ မြန်မာနှင့်ဘင်္ဂလားဒေ့နယ်စပ် မောင်တောခရိုင်တွင် ရဲအုပ်အဆင့် တာဝန်ယူကာ အမှုဖွင့်နိုင်သည့် စခန်းတစ်ခုစီ တည်ဆောက်ပေးရန် မောင်တော မြို့နယ်အုပ်ချုပ်ရေး မှူးက စက်တင်ဘာ၁၇ရက်က နယ်စပ်ရေးရာဝန်ကြီးဌာနထံ တောင်းဆိုလိုက်သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၃-၁၄ ဒုတိယလေးလပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၁၇ ရက်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့သည့် အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ရခိုင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းထံ တင်ပြခဲ့ခြင်းဖြစ်သည်။

“န.စ.က ဖျက်သိမ်းပြီး ရဲတပ်ရင်းတွေက လုံခြုံရေး တာဝန်ယူထားပေမယ့် မောင်တောခရိုင်တောင်ပိုင်းနဲ့မြောက်ပိုင်းဟာ နယ်စပ်နေရာတွေလည်းဖြစ်တော့ လုံခြုံရေး ခိုင်မာဖို့လိုတယ်။ ဒါကြောင့် ရဲတပ်ရင်းအင် အားကို တိုးမြှင့်ပေးဖို့ တောင်းဆိုတာပါ”ဟု မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးဦးကြည်သန်းက မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် မောင်တောခရိုင်တစ်ခုလုံးတွင် လုံခြုံရေးရဲအင်အား ၇၀၀ ကျော်ဖြင့် မောင်တောနယ်စပ် လုံခြုံရေး ကို ဖြန့်ကျက် တာဝန်ယူထားသည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မဇ်္ဈိမသို့ ပြောကြားထားသည်။

“လုံခြုံရေးတပ်ရင်းနှစ်ရင်းကို ထပ်ချပေးဖို့ ပြင်ဆင်နေတယ်လို့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ပြောသွားပါတယ်”ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဥပဒေချုပ်ဦးလှသိန်းက မဇ္ဈိမကို ပြော သည်။

ရခိုင်ပြည်နယ်စပ်မျဉ်း ငါးမိုင်ကွာဝေးသောနေရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် စစ်တိုင်းမှူး၏ အစီအစဉ်ဖြင့် တပ်မတော်တပ်ရင်း (၃) ရင်းကို ရံထားပြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့များကို လုံလောက်သော လက်နက်၊ လူအင်အားဖြင့် တာဝန်ချထားသည်ဟု နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ပြောကြားခဲ့သည်ဟုလည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြောသည်။

န.စ.က (နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှုဌာန) ကို တပ်မတော်အစိုးရလက်ထက် ၁၉၉၁ ခုနှစ်တွင် စစ်တပ်၊ ရဲ၊ အကောက်အခွန်နှင့် လ၀ကတို့ ပေါင်းစပ်လျက် ရခိုင်ပြည်နယ်၌ ဖွဲ့စည်းခဲ့ပြီး ပြည်နယ်အတွင်း၌ နစက နယ်မြေ ၁၁ ခုနှင့် စခန်း ၃၂ ခုတို့ဖြင့် စီမံကွပ်ကဲခဲ့ပြီး နယ်စပ်လုံခြုံရေးအတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

No comments: